နင့် အဘွား မွေးရပ်မြေလည်း မဟုတ်ဘူး … ငါ့ မွေးရပ်မြေလည်း မဟုတ်ဘူး … နင့် မွေးရပ်မြေလည်း မဟုတ်ဘူး … ။
ဒါပေမယ့် ငါ့အမေ ခေါင်းချသွားတဲ့ မြို့ … ငါနဲ့ နင့်အဖေ စတင်တွေ့ခဲ့တဲ့မြို့ … နင့်ဘဝရဲ့ ပထမဆုံးခရီးစဉ်။
ရွာအသေးလေးတွေ အများကြီးနဲ့ ဖွဲ့စည်းထားတယ် … မြို့အဝင်မှာ ကြာကန်ကြီးရှိတယ် … မြို့မဈေးရှိတယ် … ။
လားရှိုးကို သိတယ်၊ ရေပူဂိတ်ကို သိတယ် … ကွတ်ခိုင်၊ လောက်ကိုင်ကို သိတယ် … မူဆယ်ကို သိတယ် … ဒါပေမယ့် ဒီမြို့ကို လူတွေ သိပ်မသိဘူး … ။
အပြင်လူ ကောင်းကောင်း မသိကြတဲ့ ကြားမြို့လေးဟာ ငါတို့ မြို့လေးပဲ …
ငါတို့မြို့က စော်ဘွားမြို့ … ငါတို့ မြို့က လူတွေက အရမ်းရိုးသားတယ်။ စက်ဘီးကျန်ခဲ့ရင် နောက်နေ့ အဲ့ဒီနေရာမှာ ရှိတုန်းပဲ … အိမ်တံခါးတွေ ဖွင့်ပြီး ဘယ်သွားသွားရတယ် …
ပညက်သွားရာ ဓာတ်သတ်ပါ မြို့လေးလည်းမဟုတ်ပါဘူး … စာလုံးပေါင်း မှားခေါ်တာလည်း မကြိုက်ပါဘူး …
ငါတို့မြို့က ဝက်သားချဉ်က သိပ်ကောင်းတယ် … ဆီချက်ဆို နာမည်ကြီးတယ် … ငါ့အမေကိုဆို တစ်မြို့လုံး သိတယ် …
တကူးတက မှာစားရတဲ့ မြို့ရဲ့ တစ်ခုတည်းသော လက်ထောင်းခေါပုတ် ရတဲ့ မြို့လေး … ငါတို့ မြို့က လိုင်ချီးသီးက အလုံးကြီးကြီး အသားပြည့်ပြည့် … သုံးတန်းပြောင်းဖူးလောက် ဘယ်ဟာမှ စားမကောင်း … ဆနွင်းလုပ်တဲ့ ရွာလေး ရှိတယ် … ပဲပုပ်တွေ လုပ်တဲ့ ရွာလေး ရှိတယ် …
တပေါင်းပွဲဆို ပလောင်တွေ တောင်အောက်ဆင်းပြီး ဘုရား လာကန်တော့ကြတယ် … တစ်နှစ် တစ်ကြိမ်သာ လုပ်ပြီး ခြိမ့်ခြိမ့်သဲ ပွဲပဲ … ရွာတစ်ရွာစာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေ မြို့အလည်မှာ ရှိတယ် …
ငါ အသက် ၂၀ မှာ မြို့က ထွက်ခဲ့တယ် … ငါ အသက် ၄၀ မှာ မြို့ကို ပြန်ရောက်တယ် …
ပန်းခြံရှေ့က စိန်ပန်းပင်ကြီးက ဒီတိုင်းပဲ … လွတ်လပ်ရေး ကျောက်တိုင်ကြီး … အိုဟောင်းနေပေမယ့်လည်း အရင်တိုင်းပဲ … မြို့အဝင်က ကြာကန် … တောင်ပေါ်က ရေတံခွန် … လမ်းအကွေ့ … လမ်းအဆင်း … အားလုံးဟာ အရင်တိုင်းပဲ …
ပတ်ဝန်းကျင် ပတ်ပတ်လည်က တောင်တွေမှာ သစ်ပင်တွေအစား ပြောင်းခင်းတွေကလွဲရင် … ပျဉ်ထောင်အိမ်တွေ အစား … တိုက်အိမ်တွေကလွဲရင် … လူငယ်တွေကနေ လူကြီးတွေအဖြစ် ရောက်သွားတာက လွဲရင် ဘာဆို ဘာမှ အပြောင်းအလဲ မရှိ …
သျှမ်းခေါက်ဆွဲလည်း ဒီအရသာပဲ … ဝက်သားချဉ်လည်း ဒီအရသာပဲ … ဆီချက်လည်း ဒီအရသာ … ဝက်သားလုံးလည်း ဒီအရသာပဲ … အိမ်တွေလည်း ဒီနေရာမှာပဲ … လူတွေလည်း ဒီနေရာမှာပဲ … ဈေးသည်တွေလည်း ဒီနေရာမှာပဲ …
တစ်ဆောင်းခိုလာတဲ့ ငှက်တွေလို … ဘယ်လောက် လမ်းပျောက်နေနေ တစ်ပတ်ပြန်လည်လာတဲ့ ကလေးတွေကြောင့် … အိမ်တွေဟာ ဘယ်တော့မှ လူပြတ်သွားတယ်ဆိုတာ မရှိဘူး။ အမေတွေက အဖွားတွေဖြစ် သမီးတွေက အမေပြန်ဖြစ်နဲ့ …
အခုတော့ မရှိတော့ပါဘူး … နှစ် ၁၀၀ ကျော် စော်ဘွားလက်ထက်ကတည်းက ရှိတဲ့ မြို့မဈေးကြီးလည်း မရှိတော့ဘူး … တိုင်လုံးတွေလည်း မရှိတော့ဘူး၊ အုတ်ခုံတွေလည်း မရှိတော့ဘူး …
ငါတို့ သိတဲ့ သူတွေ မရှိကြတော့ဘူး …
တစ်ယောက်က သမီးဆီ လိုက်သွားပြီ … တစ်ယောက်က ထိုင်းမှာ ရှိတဲ့ သားဆီကို လိုက်သွားပြီ … နင်သဘောကျတဲ့ အိမ်ကြီးလည်း မီးလောင်သွားပြီ … ဟိုနေရာကတော့ လူတွေ လုံးဝ နေလို့ မရတော့ဘူး … အကုန်လုံး ပြောင်းသွားကြပြီ …
ဖိနပ်ရောင်းတဲ့ အေးဟွမ်လည်း မရှိတော့ဘူး … ကွမ်းယာ ရောင်းတဲ့ စိုင်းဟော်လည်း မရှိတော့ဘူး … အစော သားလည်း မရှိတော့ဘူး … ဗုံးကြဲချလို့ ပါကုန်ကြပြီ … ပေါ်တာဆွဲလို့ မရှိကြတော့ဘူး … ပလောင်ဈေးသည်တွေလည်း တောင်အောက် ဆင်းမလာတော့ဘူး … အသီးသည်လည်း ပြောင်း သွားပြီ … ဟင်းရွက်သည်လည်း လမ်းဘေး ဈေးရောင်းရင် ယွမ် ၃၀၀၀ ပေးရပြီး အဖမ်းခံရမှာ ဆိုးလို့ ခပ်မြန်မြန် အိမ်ပြန်လေရဲ့ …
လက်ထောင်းခေါပုတ်သည်ကလည်း တခြား မြို့ကို ပြောင်းသွားပြီတဲ့ … ပဲပုပ်တွေလည်း ဝယ်မစားနိုင်တော့ဘူး … ပြောင်းခင်းတွေ နေရာမှာ ကြံပင်တွေဖြစ်နေပြီ … သျှမ်းခေါက်ဆွဲ တစ်ပွဲ ၅၀၀၀ကျပ် ဖြစ်နေပြီ … တိုဖူးနွေး တစ်ပွဲ ၃၀၀၀ ဖြစ်နေပြီ …
တော်သေးတယ် … သျှမ်းဆန်လေး စားနေရသေးလို့ … အရွက်ပြုတ် စားရလည်း ဈေးကြီးပေမယ့် လတ်ဆတ်သေးတယ် …
ဟိုအိမ်က ဟော့ပေါ့ဆိုင်ဖွင့်နေပြီ … စာကြည့်တိုက်ကြီးက KTV ဖြစ်သွားပြီ။ တပေါင်းကွင်းကြီးက လောင်းကစားဝိုင်းကြီး ဖြစ်နေပြီ … ဆိုင်းဘုတ်တွေက ဗမာစာလုံးလည်း မဟုတ်ဘူး … ရှမ်းစာလုံးလည်း မဟုတ်တော့ဘူး … အိမ်လည်း တံခါးသော့ခတ်ထားနေရပြီ … ဘယ်သွားသွား အနောက်ကို ပြန်လှည့်ကြည့်နေရပြီ …
ငါလား … ငါလည်း တစ်နေ့ ရှိမှာ မဟုတ်ပါဘူး …
ဒါပေမယ့် ငါ မရှိတော့ရင် နင်ရှိသေးတယ်လေ …
ငါ့ အမေက မှာခဲ့တယ် … သူ မရှိတော့ရင် နင်ရှိပေးတဲ့ … ငါတို့ မရှိတော့ရင် အခြားသူတွေ ရှိလာမှာတဲ့ …
ငါတို့ နေရာမှာ တခြားသူတွေ ရှိလာမှာတဲ့ …
နန်းလောဝ်












Leave a Comments