ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။
ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် နှစ်ပတ်ကျော် ကြာသည်အထိ ဆက်လက်တင်းမာနေပြီး SSPP ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ဆင်ကျော့ကို ဦးတည်ထားတဲ့ လမ်းတွေ သူတို့ (MNDAA) အကုန်ဝင်ထားတယ်။ နမ္မကနေ ဆင်ကျော့၊ ပြီးတော့ ဟိုတိမှာ လာပေါက်တဲ့လမ်းရော။ တချို့လည်း ထပ်ဖြည့်တယ်လို့ ပြောတယ်။ ကိုးကန့်နဲ့ ခင်တဲ့လူတွေ ပြောတာကျတော့ သူတို့ ပြန်ဆုတ်တော့မယ်လို့လည်း ကြားတယ်။ ကိုးကန့်တွေ သီပေါထဲက ဆုတ်ပေးရင် SSPP ဘက်ကလည်း လားရှိုးဘက် နမ့်ပေါင်ကနေ ဆုတ်ပေးရမယ်ဆိုတော့ စကားပြောလို့ မပြီးသေးဘူး”ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
SSPP ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းကို ဧပြီလ ၂၉ ရက် ညနေပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ခေတ္တထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသော်လည်း ဧပြီလ ၃၀ ရက်တွင် SSPP/SSA မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်ထားသည်။

၎င်းနောက်တွင် သီပေါနှင့် လားရှိုးမြို့နယ်အတွင်း SSPP/SSA တပ်စခန်း တည်ရှိရာ ကျေးရွာများသို့ MNDAA မှ အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဘက်တပ်ဖွဲ့ စစ်ရေးတင်းမာသည့် အနေအထားရှိကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ သီပေါမြို့နယ် ဆင်ကျော့ကျေးရွာအခြေစိုက် SSPP ၏ စိန်ကျော့တပ်စခန်းကို MNDAA ဘက်မှ လားရှိုးမြို့နယ် အစပ်ရှိ နမ္မကျောက်မီးသွေးတွင်းဘက်မှလည်းကောင်း၊ သီပေါမြို့ဘက်မှ လာသည့် ပန်ညုကျေးရွာဘက်မှလည်းကောင်း၊ မိုင်းရယ်မြို့နယ်ဘက်မှ လာသည့် ဟိုတိကျေးရွာဘက်တွင်လည်းကောင်း စစ်ကြောင်း (၃) ကြောင်းခွဲကာ ဝိုင်းရံပိတ်ဆို့ ထားကြောင်း ဒေသခံများက ပြောသည်။
“နမ္မဘက်ကျတော့ အခု ကိုးကန့်ပဲ နေရာယူထားတာ။ တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက နမ္မဘက်ကနေ SSPP ဆုတ်လာတာ။ တန်ပြန်တိုက်စစ် ပြန်မဖွင့်သေးဘူး။ ဆွေးနွေးတယ်ပြောပြီး နှစ်ဖက်တပ်ကလည်း ရောက်တဲ့နေရာ ရပ်ထားကြတာ”ဟု သီပေါဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။
သီပေါမြို့နယ်အတွင်း SSPP/SSA တပ်စခန်းများ တည်ရှိရာ နားနန်းကျေးရွာ၊ နားတော်ကျေးရွာ၊ ခိုနန်းဖ၊ တင်းဟိုင်းကျေးရွာ၊ ဆင်ကျော့၊ နားတောင့်၊ နားမခေါ်၊ ဖာစေ စသည့် နေရာများ၌ ကိုးကန့်တပ်ဖွဲ့ MNDAA မှ အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာသည့် အခြေအနေများ ရှိနေကြောင်းလည်း SSPP Info မှ ဧပြီလ (၃၀) ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မေလဆန်းပိုင်းတွင် SSPP ဘက်မှ ဗဟိုနိုင်ငံရေးကော်မတီနှင့် MNDAA ဘက်မှ ဗဟိုအဆင့် တာဝန်ရှိသူများသည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ် ပန်ဆန်းမြို့၌ လက်ရှိဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှု အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ နှစ်ဘက်တွေ့ဆုံ ဆွေးနွေးမှုအတွင်း MNDAA ဘက်မှ မူဆယ်၊ ကွတ်ခိုင် တကြောရှိ SSPP တပ်စခန်းများကို ဆုတ်ခွာပေးရန် သို့မဟုတ် ပြည်ထောင်စုလမ်းမကြီးတလျှောက် SSPP မှ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တောင်းဆိုခဲ့ခြင်းကြောင့် ဆွေးနွေးညှိနှိုင်းမှုအတွင်း သဘောတူညီမှု တစုံတရာ မရရှိခဲ့ဘဲ အစည်းအဝေး ပြီးဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မေလ (၈) ရက်တွင် သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်












Leave a Comments