ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်မည့် ကျောင်းသားများ၏ ဗီဇာအမျိုးအစားများကို စည်းမျဉ်းသစ် (၅)ချက်ဖြင့် စစ်ဆေးပြီးမှသာ ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
ကျောင်းသားဗီဇာနှင့် တရားမဝင် အလုပ်လုပ်ကိုင်မှုကို တားဆီးရန် ထိုင်းနိုင်ငံ အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဗီဇာအမျိုးအစားများကို စိစစ်ပြီးနောက် စည်းမျဉ်းသစ် (၅) ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အသစ်ထုတ်ပြန်လိုက်သော စည်းမျဉ်းသစ်များတွင် (၁) တက်ရောက်မည့် သင်တန်း၏ အမည်၊ ကြာချိန်၊ တာဝန်ခံ၊ သင်ရိုးညွှန်းတမ်း စသည့် အသေးစိတ်အချက်အလက်များ ဖော်ပြနိုင်ခြင်း၊ (၂) စောင့်ကြည့်စစ်ဆေးခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်း၊ (၃) လစဉ် အစီရင်ခံတင်ပြခြင်း၊ (၄) ကြေညာချက်များကို မလိုက်နာပါက တက်ရောက်မည့် သင်တန်း အစီအစဉ်ကို ဖျက်သိမ်းနိုင်ခြင်း၊ (၅) အချက်အလက်များကို မျှဝေခြင်းနှင့် စုံစမ်းစစ်ဆေးရေးကို ပူးပေါင်း ဆောင်ရွက်ခြင်း စသည်တို့ပါဝင်ကြောင်း ထိုင်းသတင်းဌာနတစ်ခုက ဖော်ပြထားသည်။
ထိုင်းနိုင်ငံရှိ ကျောင်းသားဗီဇာသည် တက္ကသိုလ်တွင်တက်ရောက်ရမည့် (ED Visa) နှင့် ဘွဲ့မဟုတ်သော သင်တန်းများအတွက် ဗီဇာ (Non-Degree Visa) ဟူ၍ အမျိုးအစားနှစ်ခု ရှိသည်။

ယခု ထုတ်ပြန်လိုက်သော စည်းမျဉ်းသစ်သည် ဘွဲ့မဟုတ်သော သင်တန်းများအတွက် ထုတ်ပေးသောဗီဇာ (Non-Degree Visa) ခွင့်ပြုမှုအပေါ် အကျုံးဝင်ကြောင်း သိရသည်။
ထိုသို့ စည်းမျဉ်းသစ် ထုတ်ပြန်လိုက်ခြင်းကြောင့် တရားမဝင် နေထိုင်မှုအပေါ် သက်ရောက်မှုရှိပြီး လက်ရှိ တရားဝင် နေထိုင်သည့် လူများအပေါ်လည်း သက်ရောက်မှုရှိလာနိုင်ကြောင်း ထိုင်းနိုင်ငံတွင် တက္ကသိုလ်တက်ရောက်နေသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မြန်မာလူငယ်တွေအပါအဝင် တခြားနိုင်ငံသားတွေပါ အတော်လေးသက်ရောက်မှုရှိနိုင်တယ်။ အထူးသဖြင့် ED ဗီဇာပေါ်မူတည်တဲ့ ယုံကြည်မှု ပျက်စီးလာနိုင်ပြီး အားလုံးအတွက် ထိခိုက်မှုရှိမယ်။ … ထိုင်းလဝကရုံးမှာ၊ ဘဏ်မှာ၊ တချို့အစိုးရနဲ့ ဆက်စပ်တဲ့ ကိစ္စတွေမှာ Ed Visa သမားတွေအတွက်အရင်လောက် မလွယ်ကူတာ မျိုးတွေဖြစ်လာနိုင်တယ်” ဟု ၎င်းတက္ကသိုလ်တက်ရောက်နေသူက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် လူငယ်အများစုသည် ထိုင်းတက္ကသိုလ်များမှ ဖွင့်လှစ်သည့် ကာလတို ဘာသာစကားသင်တန်းများ တက်ရောက်ပြီး ကျောင်းသားဗီဇာအမျိုးအစားဖြင့် ထိုင်းနိုင်ငံသို့ အများအပြားဝင်ရောက်လာကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီလတွင် ထိုင်းအစိုးရက ကျောင်းသား ဗီဇာဖြင့် တရားမဝင် အလုပ်လုပ်ကိုင်မှုကို တားဆီးရန် ဝန်ကြီးဌာန နှစ်ခု ပူးပေါင်းကာ ဥပဒေမူဘောင်တစ်ရပ်ကို လက်မှတ်ထိုးပြီး ထိုစည်းမျဉ်းသစ်ပေါ်လာကြောင်း သိရသည်။
အလုပ်သင်သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။












Leave a Comments