လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီး ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားသော ယာယီခိုလှုံရာစခန်းများ၌ အထူးခွင့်ပြုချက်ဖြင့် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်များအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား (ID cards) များ စတင်ထုတ်ပေးမည့် လူဦးရေစီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို ထိုင်းနိုင်ငံ အုပ်ချုပ်ရေးဦးစီးဌာန (DOPA) က တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။
ယမန်နေ့ (ဇွန်လ ၁၇ ရက်) တွင် ရတ်ချ်ဘူရီ (Ratchaburi) ပြည်နယ်၊ ဆွန်ဖိန်း (Suan Phueng) ခရိုင်ရုံး ခန်းမ၌ ကျင်းပပြုလုပ်သော “နိုင်ငံတော်အတွင်း အထူးခွင့်ပြုချက်ဖြင့် စီမံခန့်ခွဲကွပ်ကဲသည့် နယ်မြေများတွင် နေထိုင်ကြသည့် နိုင်ငံခြားသားများ၊ အထူးသဖြင့် မြန်မာနိုင်ငံမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင်များအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား ထုတ်ပေးခြင်းဆိုင်ရာ Kick-Off အခမ်းအနား” ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အုပ်ချုပ်ရေးဦးစီးဌာန (DOPA) ၏ ညွှန်ကြားရေးမှူးချုပ် နာရူချာ (Narucha Kosasitwilai) က သဘာပတိအဖြစ် ဦးဆောင်ဖွင့်လှစ်ပေးခဲ့ပြီး ရတ်ချ်ဘူရီ ပြည်နယ်အုပ်ချုပ်ရေးမှူး နှင့် ထိုင်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဌာနေကိုယ်စားလှယ် တမ်မီ လင်း ရှာ့ပ် (Tammi Lynn Sharpe) အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ညွှန်ကြားရေးမှူးချုပ် နာရူချာက ထိုင်းနိုင်ငံအနေဖြင့် ၁၉၈၄ ခုနှစ်ကတည်းက လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အခြေခံမူများအပေါ် အခြေခံ၍ နယ်စပ်တစ်လျှောက်ရှိ မြန်မာစစ်ဘေးရှောင်များအား ယာယီနေထိုင်ခွင့်ပြုကာ ကူညီပေးခဲ့သည်။
သို့သော် လက်ရှိတွင် တိုးများလာသော လူဦးရေအုပ်စုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် တိကျရှင်းလင်းပြီး ခေတ်ကာလနှင့်အညီ နောက်ဆုံးပေါ် ဖြစ်နေသည့် မှတ်ပုံတင်အချက်အလက်များနှင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုချက်များ လိုအပ်လာပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် အုပ်ချုပ်ရေးဦးစီးဌာနသည် “၂၀၂၆ ခုနှစ်၊ ထိုင်းနိုင်ငံအတွင်း အထူးခွင့်ပြုချက်ဖြင့် စီမံခန့်ခွဲကွပ်ကဲသည့် နယ်မြေများတွင် နေထိုင်ကြသည့် နိုင်ငံခြားသားများအား မှတ်ပုံတင်ခြင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား ထုတ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းသစ်” ကို ပြဋ္ဌာန်းကာ အချက်အလက်စိစစ်ပြီးသည့် မြန်မာစစ်ဘေးရှောင်များကို ယခု ID ကတ်ပြားများ ထုတ်ပေးခြင်း ဖြစ်သည်။
အဆိုပါ သက်သေခံကတ်ပြားများကို အစိုးရဌာနဆိုင်ရာများနှင့် ဆက်သွယ်ရာတွင်လည်းကောင်း၊ နိုင်ငံတော်၏ ဝန်ဆောင်မှုများကို တောင်းခံရာတွင်လည်းကောင်း အစိုးရထုတ်ပြန်ချက်များနှင့်အတူ ပူးတွဲအသုံးပြုရမည် ဖြစ်သည်။
ယခု သက်သေခံကတ်ပြား ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံဆိုင်ရာ UNHCR ဌာနေကိုယ်စားလှယ်က ယနေ့အခမ်းအနားသည် လူသားဂုဏ်သိက္ခာတို့နှင့် တိုက်ရိုက်သက်ဆိုင်နေပြီး၊ ယခုကတ်ပြားသည် ကျန်းမာရေး၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ အလုပ်အကိုင်နှင့် ဘဝအခွင့်အလမ်းများကို ရရှိခံစားနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်း ဆိုသည်။
ယခုစနစ်သည် လုံခြုံရေးကို မြှင့်တင်ပေးရုံသာမက နေ့စဉ်လူမှုဘဝတွင် ကိုယ့်ခြေကိုယ်လက်ရပ်တည်နိုင်မှုနှင့် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကိုပါ အထောက်အကူပြုမည် ဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ် နာရူချာက ယခုကဲ့သို့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားများ ထုတ်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အာဏာပိုင်များအနေဖြင့် ၎င်းတို့သည် မည်သူမည်ဝါဖြစ်ကြောင်း၊ နေထိုင်သည့်နေရာ၊ စည်းကမ်းချက်ခွင့်ပြုချက်များအောက်တွင် နေထိုင်/အလုပ်လုပ်ကိုင်ခွင့် ရှိမရှိ တိကျစွာ စိစစ်ရန်သာဖြစ်ပြီး ၎င်းအချက်အလက်များသည် အမျိုးသားလုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးကိုလည်း အကျိုးရှိစေမည်ဟု ဆိုသည်။
သို့သော်လည်း ယခုသက်သေခံကတ်ပြားသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများအပေါ် အခြေခံ၍ လူပုဂ္ဂိုလ်များကို စောင့်ကြည့်စစ်ဆေးရန် နိုင်ငံတော်က ကျင့်သုံးသည့် လူဦးရေစီမံခန့်ခွဲမှုဆိုင်ရာ အစီအမံတစ်ခုမျှသာ ဖြစ်ကြောင်း ထိုင်းနိုင်ငံသားအဖြစ် ခံယူခွင့် (ထိုင်းနိုင်ငံသားဖြစ်ခွင့်) ကို ပေးအပ်ခြင်း လုံးဝမဟုတ်သလို၊ ထိုင်းနိုင်ငံသားတစ်ဦးကဲ့သို့ မည်သည့်အခွင့်အရေးကိုမျှ ခံစားခွင့်ပေးမည်မဟုတ်ကြောင်း ရှင်းလင်းစွာ အသိပေးပြောကြားခဲ့သည်။
ကိုးကား – Khaosod English













Leave a Comments