သျှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့ရှိ ဆည်၊ မြောင်းထဲတွင် အကြောင်းရင်းမသိရဘဲ ငါးများ အစုအပြုံလိုက် သေဆုံးနေကြောင်း စုံစမ်းသိရသည်။
သျှမ်း – ကရင်နီနယ်စပ် တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့ရှိ ချောင်းနှင့် မြောင်းထဲတွင် မေလဆန်းပိုင်းမှ စတင်၍ ငါးများ အစုအပြုံလိုက် အကြောင်းရင်းမသိရဘဲ သေဆုံးနေကြပြီး စစ်ကောင်စီ၏ အဆိပ်ခက်မှု ဖြစ်နိုင်ကြောင်း မိုးဗြဲမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ငါးတွေ အစုလိုက် အပြုံလိုက် သေနေတာက သဘာဝကြောင့် သေတာလား။ ဒါမှမဟုတ် အပေါ်က ဘီလူးချောင်းဆည်ကနေ စစ်ကောင်စီတွေ အဆိပ်ခတ်လို့ သေတာလား ဆိုတာကိုတော့ သေချာ မသိရသေးဘူး။ ဘာကြောင့်ရယ်ဆိုတာကို အတိအကျ ပြောလို့ မရသေးဘူး”ဟု မိုးဗြဲမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ချောင်း၊ မြောင်းအတွင်း အကြောင်းရင်းမဲ့ သေဆုံးနေသည့် ငါးများကို ဖမ်း၍ စားသုံးခြင်း၊ ရောင်းချခြင်း မလုပ်ရန် သတိထားဖို့ လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့မှ ထိန်းချုပ်နိုင်သော်လည်း မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်နှင့် မိုးဗြဲဆည်ကို လက်ရှိအချိန်ထိ ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်တွင် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်တို့သည် မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်မှ စစ်အင်အား (၁၀၀) ကျော်ဖြင့် တော်လှန်ရေးတပ်များကို စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
သျှမ်း – ကရင်နီ နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့အကြား ပြီးခဲ့သည့် နှစ်ဆန်းပိုင်းမှ စ၍ လက်ရှိအချိန်ထိ လေးလကျော်ကြာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်ထိခိုက် ကျဆုံးမှု များနေပြီး နေအိမ်မီးလောင်မှုများလည်း ရှိကြောင်း သိရသည်။












Leave a Comments