ဝဿန်မိုး နှင့်အတူ သောကမျက်ရည်စီးမျှောနေရသည့် စစ်ဘေးရှောင်

မိုးရာသီ ရောက်ပြီ။ မုတ်သုံအဝင် မိုးဦးအစမှာပင် မိုးအဆက်မပြတ် ရွာသွန်းနေသည်။

ဝဿန်ကာလ မိုးဦးကျသည်နှင့် တောင်သူများအတွက် လယ်ယာလုပ်ငန်းခွင်ဝင်ရမည့် အချိန်ဖြစ်သော်လည်း အိုးပစ်အိမ်ပစ်၊ လယ်ယာပစ်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်မို့ ခြေဦးပင်လှည့်နိုင်မည် မဟုတ်ပေ။

လယ်ယာလုပ်ငန်းခွင်တို့ ခြေဦးမလှည့်နိုင်ခဲ့သည်မှာလည်း သုံးနှစ်သုံးမိုး ရှိလေပြီ။

တောင်သူများသည် ရုတ်တရက် ထွက်ပေါ်လာသော “ဒုန်းဒုန်းဒိုင်းဒိုင်း” သေနတ်သံများအကြားတွင် ဖိနပ်မပါ ခြေဗလာဖြင့် ရရာအထုတ်ကို လှမ်းဆွဲကာ ပြေးလွှားလာကြရသည်။

သည်ကြားထဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ကြောက်နေရသည်ကတစ်မျိုး၊ လေယာဉ်အသံကြားလျှင် နီးသည့်အိမ်ထဲပြေးဝင်နေရသည်က တစ်ဖုံ။

အိုးအိမ်များ မီးလောင်နေသည့်ကြားက သဲကြီးမဲကြီး ရွာလိုက်သော မိုးနှင့်အတူ ထွက်ပေါ်လာသည့် မြေသင်းရနံက သင်းပျံ့ပျံ့။ တောင်သူများ၏ ဘဝသည် ငြိမ်းချမ်းစွာ နေထိုင်ခွင့်ရသည်မရှိ၊ စီးဆင်းလာသော မိုးရေနှင့်အတူ မျက်ရည်တွေဖြစ်။

“အိမ်လည်း မီးလောင်ကုန်ပြီ၊ ပစ္စည်းတွေလည်း မကျန်တော့ဘူး။ ဆန်း၊ ဆီ၊ ဆားတွေကအစ သူများအကုန်ခိုးယူသွားပြီ” ဟု ပင်လောင်းမြို့နယ် စစ်ဘေးရှောင်တစ်ဦးက ဝမ်းနည်းစွာဖြင့် ပြောပြလာသည်။

သူသည် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် အိုးပစ်အိမ်ပစ်၊ လယ်ယာစွန့်ပစ်ကာ ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးဒုက္ခသည်တစ်ဦး ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၇ ရက်မှစတင်၍ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ စစ်ဘေးရှောင်များ

အဆိုပါ တိုက်ပွဲကြောင့် ဒေသခံပြည်သူ အိမ်ထောင်စု ၁,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်၊ စာသင်ကျောင်းနှင့် ဆေးရုံအပါအဝင် အရပ်သား အဆောက်အဦး ၂၈၅ လုံး ထိခိုက်ပျက်စီးသွားကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဆောင်းပြောင်းကျေးရွာ၌ တိုက်ပွဲများ ငြိမ်သက်သွားပြီဆိုသော်လည်း ဒေသခံများ နေရပ်မပြန်နိုင်ကြသေးပေ။

“တချို့လည်း ပြန်လာကြတယ်၊ တချို့လည်း ပြန်မလာကြသေးဘူး။ အများစုက အိမ်ပြန်လာကြည့်ကြတာ၊ ပြန်နေလို့တော့ မရသေးဘူး။ အခုအိမ်တွေလည်း မီးရှို့ခံရတော့ လောလောဆယ် နေစရာအိမ်တွေက မရှိဘူး” ဟု ပင်လောင်းမြို့နယ် စစ်ဘေးရှောင်တစ်ဦးက ပြောပြသည်။

စစ်ဘေးဒုက္ခသည်များမှာ သားသမီးနှင့် သူတို့ဘဝရှေ့ရေးအတွက် စိတ်ပူပန်စရာများလည်း ရှိနေသည်။ စစ်ဘေးရှောင်နေသည့် ကာလအတွင်း ဒေသခံများသည် နေအိမ်များ ထပ်မံရှိုခံရမည်ကို စိုးရိမ်နေသကဲ့သို့ တိုက်ပွဲကြောင့် တောင်ယာလုပ်ငန်းများ ပြန်လည်စတင်လို့ မရမည်ကို စိုးရိမ်နေကြသည်။

ထို့ပြင် မကြာခင် ဇူလိုင်လတွင် ကျောင်းလည်းပြန်ဖွင့်တော့မည်။ ကလေးငယ်များ ပညာရေးနှင့် ဘဝတိုးတက်ရေးအတွက် မိဘများက စိတ်ပူနေကြသည်။
သို့သော်လည်း ကလေးငယ်များကို ကျောင်းဆက်ထားရန် တွန့်ဆုတ်နေကြသည်ဟု စစ်ဘေးရှောင် ကူညီသူတစ်ဦးက ပြောပြသည်။

“အခုသူတို့တွေ အိမ်ပြန်နိုင်ရင်တောင်မှ နေစရာအိမ်တွေက မရှိတော့ဘူး။ ဒီလိုအခြေအနေမှာ ကလေးငယ်တွေကို ကျောင်းထားဖို့၊ ပညာသင်ဖို့ဆိုတာ လုံးဝအဆင်မပြေဘူးလို့ ပြောတာတွေ ကြားရတယ်” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် ထွက်ပြေးနေရသူများ

ယမန်နှစ်တွင်လည်း တိုက်ပွဲကြောင့် ကောက်ပဲသီးနှံများ ကောင်းစွာ မစိုက်ပျိုးခဲ့ရသဖြင့် မိသားစု စားဝတ်နေရေးအတွက် ကြပ်တည်းခဲ့သည်။

ယခုနှစ်တွင်လည်း ကောက်ပဲသီးနှံများ မစိုက်ပျိုးရလျှင် ကလေးငယ်များကို ကျောင်းထားရန် မဆိုထားနှင့် စားသောက်ရန်အတွက် ခက်ခဲလာနိုင်သည်ဟု ပြောသည်။

ယခုနောက်ပိုင်းတွင် စစ်ဘေးဒုက္ခသည်းများကို လာရောက်ကူညီကြသည့် အလှူရှင်များကလည်း မရှိသဖြင့် ပြည်သူအချင်းအချင်း အပြန်အလှန်ဖေးမကူညီနေရသည့် အခြေအနေ။

ထိုအခြေအနေတွင် စစ်ဘေးဒုက္ခသည်များအတွက် ကမ်းလက်တစ်စုံ ရှိပါဦးမလား။ စစ်ဘေးဒုက္ခသည် အပါအဝင် စစ်ဘေးဒုက္ခသည်များကို ကူညီပေးနေသည့် ဒေသခံများကလည်း စိုးရိမ်နေကြသည်။

“အခုက ငလျင်ဘေးကြောင့် စစ်ရှောင်ဘက် အာရုံမလာတော့ဘူး။ အရင်လိုအလှူရှင်တွေကလည်း မရှိတော့၊ ကြာလာရင် စားဖို့သောက်ဖို့မရှိမှာ စိုးရိမ်ရတယ်” ဟု စစ်ဘေးဒုက္ခသည် ကူညီသူတစ်ဦးက ပြောပြသည်။

စစ်ဘေးဒုက္ခသည်အများစုမှာ ထွက်ပြေးလာခဲ့စဉ်က အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့်သာ ကိုယ်လွတ်ရုန်း ထွက်ပြေးလာရသဖြင့် လှဲစရာ အဝတ်အစားများလည်း ပါမလာကြ။ ထို့ပြင် အရေးပေါ် အကူညီများဖြစ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာနှင့် အခင်းများလည်း မရှိကြပေ။

လေကြောင်းအန္တရာယ်

ထိုကြောင့် အရေးပေါ် အကူအညီများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

“အခုအရေးပေါ်နေထိုင်ဖို့အတွက် အမိုးအကာနဲ့ အခင်းတွေလိုအပ်တယ်။ စောင်လည်း လိုတယ်။ ပြီးတော့ ဆန်၊ ဆီ၊ ဆေး၊ ဆားတွေလည်း လိုအပ်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘေးဒုက္ခသည်အများစုသည် ပင်လောင်းမြို့ပေါ်နှင့် ပင်လောင်းမြို့ တောင်ဘက်ရှိ ပန်ခွင်၊ ဆောင်းခါး၊ နန်းထာ စသည့် ကျေးရွာများ၌ ခိုလှုံနေရကြောင်း သိရသည်။

ဆောင်းပြောင်း တိုက်ပွဲ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၁၀၀ ကျော်သာ ကွာဝေးသော ပင်လောင်းမြို့နယ် ဆောင်းပြောင်း ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ ပထမအကြိမ်တော့ မဟုတ်တော့ပါ။ တတိယအကြိမ်မြောက် ရှိလာပါပြီ။

ပြီးခဲ့သော ၂၀၂၃ ဖေဖော်ဝါရီတွင်လည်း ဆောင်းပြောင်းကျေးရွာအနီး နေရာတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။

ယခုတစ်ခါတွင်လည်း ဆောင်းပြောင်းကျေးရွာ အနောက်ဘက် ဘုရားတောင်ခြေ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နှင့် ပူးပေါင်းတပ်ဖွဲ့များက မေလ ၁၇ ရက်နေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆီဆိုင်မြို့နယ် ထပ်မံစစ်ဘေးရှောင်ရမည့် ပြည်သူ (၈၀၀) ကျော်ကို PNO ကခရီးသွားလာခွင့် ပိတ်ပင်

ပင်လောင်းမြို့နယ်သည် ဟိုပုံး၊ ဆီဆိုင် စသည့်မြို့နယ်လိုပင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက မြို့နယ်တစ်ခုဖြစ်ပြီး စစ်တပ်အာဏာပိုင်များနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNA (ခေါ်) အသွင်ပြောင်း ပြည်သူ့စစ် PNO နှင့် စစ်ကောင်စီတပ်များ အားကောင်းစွာ လှုပ်ရှားနေသည်။

ထို့ပြင် ပင်လောင်း- ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းသည်လည်း ကရင်နီပြည်အတွက် ထောက်ပံ့ရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအဖြစ် အဓိကအရေးပါနေသည်။

အဆိုပါ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုသည့် စစ်ကောင်စီတပ်က ပြည်သူ့စစ် PNO နှင့် ပူးပေါင်းပြီး ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်းသို့ ယခုနှစ်ဦးပိုင်းမှစ၍ ထိုးစစ်ဆင်နေသည်။

တစ်ဖက်တွင်လည်း ကရင်နီပြည် တံခါးပေါက်အဖြစ် အရေးပါသော မိုးဗြဲမြို့သို့ စစ်ကြောင်းထိုး ဝင်ရောက်မလာနိုင်ရန်အတွက် ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့များကလည်း ခုခံတိုက်ခိုက်နေလျက် ရှိသည်။

မိုးဗြဲ နှင့် ဖယ်ခုံတကြော တိုက်ပွဲကြောင့် ပြည်သူများ လွတ်ရာသို့ ထွက်ပြေးနေရသည့် ပုံ

သို့သော် တိုက်ပွဲသည် ယနေ့ထိတိုင် ဖြစ်ပွားနေဆဲပင်။ တိုက်ပွဲဆိုသည်မှာ ပြီးဆုံးသည်မရှိ ရှုံးဆုံးရသည်ကား လူသားအရင်းအမြစ်နှင့် ဂေဟစနစ်တို့ မီးတောက်ပြာပုံဖြစ်သည်။

အချိန်များမှာ တစ်နေ့ပြီး တစ်နေ့၊ တစ်နှစ်ပြီး တစ်နှစ်သာ ကုန်ဆုံးသွားလေသည်။ တောင်သူများမှာ တောင်ယာလုပ်ငန်းခွင့်များကို ပြန်လည်စတင်၍ မရကာ စားနပ်ရိက္ခာ မဖူလုံပါက ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲမွဲတေမှုကို ဦးတည်နေလေပြီ။
အနာဂတ် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှု ကျန်းမာရေး၊ ပညာရေးကို နိမ့်ပါးစေသလို ဆင်းရဲမွဲတေမှုကိုလည်း ဖြစ်စေမည် ဖြစ်ပေသည်။

“တိုက်ပွဲမဖြစ်တော့ရင်တော့ ကောင်းတာပေါ့ဗျာ။ ကျနော်တို့လည်း အေးအေးဆေးဆေး လယ်ယာလုပ်စားလို့ ရမယ်၊ ကောက်ပဲသီးနှံတွေ စိုက်ပျိုးလို့ရမယ်။ အခုလို ပြေးလွှားနေစရာ မလိုတော့ဘူးပေါ့” ဟု ပင်လောင်းမြို့နယ် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

စံကားဒေသ နေရပ်ပြန် စစ်ရှောင်များ PNO ကို တစ်လျှင် ငွေကျပ် ၅သိန်းပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသသို့ နေရပ်ပြန် စစ်ဘေးရှောင်များသည် ပအိုဝ်းပြည်သူ့စစ် (PNO)ကို တစ်အိမ်လျှင် တစ်လလျှင် ငွေကျပ်ငါးသိန်းကို ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလပထမ ပတ်တွင် ညောင်‌ရွှေမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လက်နက်ကြိးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့်...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...