အခွန်ကောက်ခံမှုကြား ဈေးသည်တွေရဲ့ သောက

နန်းစိမ်း(အမည်လွှဲ) တစ်ယောက် ဆိုင်ကယ်ကို မောင်းနှင်ရာမှာ အာရုံပင် ကောင်းစွာမစိုက်ဘဲ ဦးတည်ရာမဲ့ ဖြစ်နေသည်။

အကြောင်းမူကား ယခင်ရောင်းနေကျ သိန္နိမြို့ ရှိ ဈေးဟောင်း (မြို့မဈေး) ထဲတွင် ကိုးကန့်တပ် MNDAA မှ ဈေးမရောင်းချရန် တားမြစ်ပိတ်ပင်လိုက်သဖြင့် နန်းစိမ်းမှာ ဈေးရောင်းဖို့အတွက် ဆိုင်ခန်းအသစ် ထပ်ရှာနေရခြင်း ဖြစ်သည်။

အားကိုးစရာ အမျိုးသားလည်း ကိုးကန့်တပ် (MNDAA ) က မူးယစ်ဆေးဝါး သုံးစွဲသည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်မှာ သုံးလကျော်လာပြီး၊ လက်ရှိအချိန်ထိ ပြန်မလွှတ်သေးပေ။

ထို့ကြောင့် နန်းစိမ်းနှင့် ဆယ်ကျော်သက်အရွယ် သမီး နှစ်ဦးသာကျန်ရှိသဖြင့် အိမ်မှုကိစ္စနှင့် မိသားစု ဝင်ငွေ အတွက် သူမကသာ ဖြေရှင်းနေရသည်။

ထိုအခြေအနေတွင် ကိုးကန့်တပ် MNDAA မှ သိန္နီမြို့ရှိ ဈေးဟောင်းထဲ ဈေးသည်များအား ဈေးမရောင်းချရန်နှင့် ပန်လော့ဈေးထဲသို့ ပြောင်းရွှေ့ရောင်းချရန် ဖိအားပေးလာသောကြောင့် နန်းစိမ်းတစ်ယောက်မှာ နေရာပြောင်းရန်အတွက် ပူပင်သောက ရောက်လေပြီ။
ပန်လေ
ာ့စျေးသည် နန်းစိမ်းတို့နေထိုင်သည့် သိန္နီမြို့နှင့် ၅ မိုင်ခန့် ကွာဝေးပြီး ပန်လော့ဈေးထဲတွင် ဈေးသွားရောင်းပါက ကိုးကန့်တပ် MNDAA ကို အဆမတန် အခွန်ဆောင်ရမည် ဖြစ်သည်။

MNDAA အသစ်ဖွင့်သည့် ပန်လော့စျေးသစ်

ထိုဈေးထဲတွင် ဆေးဆိုင်ဖွင့်လှစ်ပါက တစ်လလျှင် ၅၀၀,၀၀၀ ကျပ် (ငါးသိန်းကျပ်)၊ သစ်သီးဝလံဆိုင် ဖွင့်လှစ်ပါက တစ်လျှင် ၅၀,၀၀၀ ကျပ် (ငါးသောင်းကျပ်)၊ ပျံကျဈေးသည်များ ဖြစ်ပါက တစ်လလျှင် ၂၀,၀၀၀ ကျပ် (နှစ်သောင်းကျပ်)နှင့် အမှိုက်ခွန် ၁၅,၀၀၀ ကျပ် (တသောင်းခွဲကျပ်) စသဖြင့် အခွန်ဆောင်များအား ပေးဆောင်ရမည်ဖြစ်ကြောင်း ကိုးကန့်တပ် MNDAA က သတ်မှတ်ထားသည်။

အဆိုပါ ဆိုင်ခန်းကို ၃ လချုပ်သက်တမ်းဖြင့် ၁၃ သိန်း လက်ငင်းပေးရမည် ဖြစ်ကြောင်း နန်းစိမ်းက ပြောပြသည်။ သို့သော် ဈေးသည်များက ထိုသို့အခွန်ဆောင်ရမည်ကို မလိုလားကြ၊ မတတ်နိုင်ကြချေ။

ထို့ကြောင့် ပန်လော့စျေးဆိုင်ခန်းငှားရမ်းအတွက် အလွန်ပင် စျေးကြီးသဖြင့် သိန္နီမြို့ပေါ်သို့ ပြန်လာရောင်းချိန်တွင် MNDAA တပ်သားများက သေနတ်တကားကားဖြင့် မောင်းထုတ်မှုကိုလည်း ခံခဲ့ရပြန်သည်။

“ထမင်းအိုးမှောက်ပြီလေ။ အခုလို စစ်ဖြစ်ပြီးတဲ့ ဒေသမှာဆိုရင် စားဝတ်နေရေးဖြေရှင်းဆိုတာ တကယ်မလွယ်ဘူး။ တစ်နေ့ရှာမှ တစ်နေ့စားရတာကို။ ကျမတို့လို အလှကုန်တွေရောင်းတဲ့ဆိုင်ဆိုရင် ပိုဆိုးတယ်။ မလိုအပ်ရင်၊ ပိုက်ဆံမရှိရင် ဘယ်သူမှ လာမဝယ်ဘူး။ တစ်လလုံးရောင်းမှ တစ်ရက်စာအခွန်ခပဲရတယ်” ဟု နန်းစိမ်းက ပြောသည်။

စီးပွားရေး ကြပ်တည်းမှုနှင့် အလုပ်အကိုင် ရှားပါးမှု ပြဿနာ

နန်းစိမ်းတို့ နေထိုင်သော သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးကတည်းက စီးပွားရေးလုပ်ငန်းများ ကောင်းစွာလည်ပတ်နိုင်ခြင်းမရှိခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့လေပြီ။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်မှစ၍ ညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLAနှင့် ရခိုင့်တပ် AA တို့ ဦးဆောင်သည့် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြောင့် သျှမ်းပြည်မြောက်ပိုင်း ဒေသခံများသည် မိမိတို့ အိုးအိမ်လယ်ယာကို စွန့်ပစ်ပြီးထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

အချို့သည် ပြည်ပနိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်ပြီး ဘဝအသစ် တစ်ဖန်ပြန်စနေ ကြရသည်။

အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများကသာ နေရပ်တွင် ပြန်လည်နေထိုင်ပြီး ပျက်စီးဆုံးရှုံးသွားသော အိုးအိမ်များကိုထူထောင်ကာ ခက်ခဲကြမ်းတမ်းလှသည့် နေ့စဉ်ဘဝကို အဓိပ္ပာယ်မဲ့စွာ ဖြတ်ကျော်နေရသည်ဟု ဒေသခံများကပြောသည်။

ကိုးကန့်တပ် MNDAA သည် သိန္နီမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်သည့်တိုင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ရာခိုင်နှုန်းပြည့် ပြန်လည်ဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် ပြည်သူများသည် စီးပွားရေးကြပ်တည်းမှုနှင့် အလုပ်ရှားပါးမှု ပြဿနာကို ရင်ဆိုင်နေရသည်။

“အခုသိန္နီမှာက စီးပွားရေးကလည်း မဖြစ်၊ အလုပ်ကလည်းရှားတော့ တစ်ရက်မှ နေ့စားလိုက်ရရင် ကံကောင်း” ဟု သိန္နီမြို့တွင် ဈေးရောင်းနေသည့် နန်းအုန်း (အမည်လွှဲ) ကပြောသည်။

မြန်မာနိုင်ငံသည် ကိုဗစ် -၁၉ ရိုက်ခတ်မှုဒဏ်ကို အလူးအလိမ့်ခံနေရသည့်ကြားက စစ်တပ်က အာဏာသိမ်းပြီးလိုက်ပြီးနောက် လေးနှစ်ကျော်ကာလအတွင်း စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတွင် ပျက်စီးယိုယွင်းလာနေသည်။ အဆိုပါ ဒဏ်ကို ပြည်သူများက ခါးစည်းခံနေရသည်။

နေ့စဉ်လူမှုဘဝတွင် မရှိမဖြစ် သုံးစွဲနေရသည့် ဆီ၊ ဆန်၊ ဆား စသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်း နှစ်ဆနီးပါး မြင့်တက်လာသကဲ့သို့ ငွေကြေးစျေးကွက်၌လည်း ဒေါ်လာဈေး၊ ရွှေဈေးများက ထိန်းချုပ်၍ မရလောက်အောင် ဖြစ်နေသည်။

မြို့သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း သိန္နီမြို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများကလည်း
ထိန်းချုပ်နိုင်မရှိသဖြင့် ကုန်ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာ နေလျက်ရှိသည်။ အကြောင်းမှာ နယ်စပ်ဂိတ်များ ပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့ခြင်းတို့ကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ စားသုံးဆီ ၁ ပိဿလျှင် ၈,၀၀၀ ကျပ်မှ ၁၉,၀၀၀ ကျပ် အထိ မြင့်တက်လာနေပြီး ဆန် ၃၀ ပိဿ တစ်အိတ်မှာ ၁၄၀,၀၀၀ (တသိန်းလေးသောင်း) ကျပ်မှ ၁၇၀,၀၀၀ (တသိန်းခုနှစ်သောင်း) အထိ မြင့်တက်လာကြောင်း သိရသည်။

ထို့ပြင် စက်သုံးဆီ 92 တစ်လီတာမှာ ၈,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ဈေးပေါက်နေကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သို့သော် စားဝတ်နေရေးအတွက် နေ့စားအလုပ်ကိုသာ အားကိုးနေရသည့် အလုပ်သမားများသည်လုပ်အားခ တစ်ရက်လျှင် ၁၅,၀၀၀ ကျပ် (တသောင်းခွဲကျပ်) သာ ရရှိသည်ဟု ပြောသည်။

ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံအတွင်း စစ်ပွဲများကြောင့် ပြည်သူလူဦးရေ ၁၅ သန်းခန့် ၂၀၂၅ ခုနှစ်အတွင်းမှာ စားနပ်ရိက္ခာမလုံ လောက်သည့် အငတ်ဘေး ရင်ဆိုင်ရနိုင်ခြေရှိသည်ဟု ပြောသည်။

“ကျမတို့ကလည်း မငတ်ရုံတစ်မယ်ဘဲ ဈေးရောင်းရတာ” ဟု နန်းအုန်းကလည်း ပြောသည်။

ဘာကြောင့် သိန္နီမြို့ဈေးဟောင်းထဲမှာ ပေးမရောင်းတာလဲ

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော သိန္နီမြို့ရှိ မြို့မဈေးကို ကိုးကန့်တပ် MNDAA က ဖြိုဖျက်ပြီး ကာစီနိူရုံ (သို့မဟုတ်) ဈေးဝယ်စင်တာ ဆောက်လုပ်မည်ဟု ဒေသခံများကပြောသည်။

သို့သော် အဆိုပါပြောဆိုချက်နှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဆက်လက် စုံစမ်းမေးမြန်းနေခြင်း ဖြစ်သည်။

သိန္နီမြို့မစျေးရုံအဟောင်း

အဆိုပါ ဈေးဟောင်းထဲတွင် အထပ်မြင့် ၁၀ ထပ်တိုက်ဆောက်လုပ်သွားမည်ဟု သိန္နီမြို့ခံတစ်ဦးက ပြောသည်။

“အခုဗုံးကြဲခံရတဲ့ဈေးကို ပြန်ဖြို၊ ပြန်တူးပြီး အထပ်မြင့် ၁၀ ထပ်ဆောက်လုပ်မယ်လို့ ကြားရတယ်။ ဒါပေမယ့် ဘယ်ချိန်မှာ လာလုပ်မယ်တော့မသိရသေးဘူး။ စောင့်ကြည့်ရမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ကိုးကန့်တပ် MNDAA မှ ဖွင့်လှစ်လိုက်သော ပန်လော့ဈေးအနီးတွင်လည်း လောင်းကစားဝိုင်း ဖွင့်လှစ်ထားသည်ဟု ဒေသခံများက ပြောသည်။

ထိုလောင်းကစားဝိုင်းတွင် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ရှမ်းကိုးမီး၊ ကာစီနို၊ ၃၆ ကောင်၊ ဖဲ၊ အံစာ စသည့် လောင်းကစားမျိုးစုံပါဝင်ပြီး လောင်းကစားဝိုင်း အများအပြားရှိနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များကို သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်ထားကြောင်း၊ မြန်မာစာအသုံးပြုလိုပါက တရုတ်စာလည်း ထည့်သွင်းရေးသားရမည်ဟု MNDAA အရာရှိများက ပြောဆိုကြောင်း သိန္နီမြို့ခံများကပြောသည်။

မည်သို့ပင် ဖြစ်ပါစေ။ စီးပွားရေးကြပ်တည်မှုနှင့် အလုပ်ရှားပါးမှု ပြဿနာကို ရင်ဆိုင်နေရသော ပြည်သူများအပါအဝင် ဈေးသည်များကို အခွန်ကောက်မှုအပေါ် ရပ်ဆိုင်းပေးရန် (သို့မဟုတ်) လျှော့ပေးရန် ပြည်သူများက တောင်းဆိုနေသည်။

ဤသို့ မဟုတ်လျှင် ပြည်သူများသည် တစ်ပူပေါ် နှစ်ပူဆင့်၍ ဒုက္ခအစုံစုံ၊ ပူပင်သောကအဖြာဖြာကို ခံစားရဦးမည်သာ။

“ရှေ့ဆက် ဘာမှမျှော်လင့်ချက်မရှိတော့ဘူး” ဟု နန်းစိမ်းက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...