သျှမ်းပြည်မြောက်ပိုင်း၊နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင် စစ်ကောင်စီမှ အပြင်းထန်ထိုးစစ်ဆင်နေပြီး အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်လာကြောင်းဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ဧပြီလ (၂၁)ရက်စွဲဖြင့်ထုတ်ပြန်လာသည်။
ပြီးခဲ့သည့် ဧပြီလ (၂၀)ရက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်(TNLA)နှင့် (DPLA)တို့ရှိသည့် တောင်းခမ်းကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများကို နေ့လည် (၁)နာရီအချိန်တွင် (၃)လုံး၊ ညနေ (၃)နာရီအချိန်တွင် (၄)လုံး စသည်ဖြင့် အဆိပ်ငွေ့ဗုံးများကို ကြဲချတိုက်ခိုက်ခဲ့သည်။
ထို့ကြောင့် DPLAရဲဘော်များမူးဝေ အော့အန်ခြင်း၊သွေးပေါင်ကျခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
“ရဲဘော် (၄)ဦးလောက် အဆိပ်ငွေ့ကြောင့် အသက်ရှုကျပ်တာ၊ သွေးပေါင်ကျတာ။မူးဝေအော့အန်တာမျိုးတွေဖြစ်ကုန်တယ်။ တခါ ရှုမိရင် သုံးရက်လောက်ကဘာမှ မလုပ်နိုင်တော့ဘူး။ဆေးတွေသွင်းရတာ။ ဆေးသောက်တာလောက်နဲ့လည်း မပျောက်ဘူး။” ဟု DPLAတပ်သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကောင်စီဘက်မှ အပစ်ခတ် ၍ရပ်စဲကြောင်း ကြေညာထားသော်လည်း နိုင်ငံတကာမှ တားမြစ်ထားသော တိုက်ခိုက်မှုမျိုးဖြစ်သည့် အဆိပ်ငွေ့ဗုံးအသုံးပြု တိုက်ခိုက်နေသည်မှာ တောင်းခမ်းဒေသတွင် သာမက အခြားသော တော်လှန်ရေးတပ်များတွင်လည်း မကြာခဏ ပြုလုပ်နေသည်။
ယခုလက်ရှိတောင်းခမ်းဒေသတွင် စစ်ကောင်စီမှ အပြင်းထန်ထိုးစစ်ဆင်နေခြင်းကြောင့် TNLAနှင့် DPLAတို့ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်နေပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်လျှက်ရှိသည်ဟု သိရသည်။












Leave a Comments