မန္တလေးမြို့မှ မူဆယ်မြို့သို့ သွားလာသည့် လမ်းခရီးတလျှောက် စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာသည့် ကုန်တင်ကားကြီးများကို ရွှေဘို PDF က အခွန်ကောက်ခံနေကြောင်း သတင်းရရှိသည်။
မန္တလေးမြို့မှ မူဆယ်မြို့သို့ သွားလာနေသည့် ကုန်တင်ကားကြီးများကို ရွှေဘို PDF က ပြီးခဲ့သည့် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး တင်ဆောင်လာသည့် ကုန်ပစ္စည်းပေါ် မူတည်၍ ရာခိုင်နှုန်းဖြင့် အခွန်ကောက်ခံမှုများ ပြုလုပ်နေကြောင်း မန္တလေး-မူဆယ် ခရီးစဉ်ပြေးဆွဲနေသည့် အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စစ်ကိုင်းနဲ့ ရွှေဘိုဘက်မှာ အခွန်ကောက်တာက ရွှေဘို PDF တပ်က ကောက်တာပါ။ ၇ သိန်းလို့ ပြောထားလည်း တခါတလေ သူတို့ လူလဲရင် တချို့လူတွေက ၂ သိန်း၊ ၄ သိန်းလောက် တောင်းတာမျိုး၊ တစ်ခါနဲ့တစ်ခါ မတူဘူး။ ၆ ဘီးကားကို ပစ္စည်း သိန်း ၁၀၀ ဖိုး တင်လာရင် ၇ သိန်း ကောက်တယ်၊ ၇ ရာခိုင်နှုန်းပုံစံပေါ့”ဟု အသက် ၄၀ ဝန်းကျင် ၎င်းကားသမားတစ်ဦးက ပြောသည်။
ထိုကုန်တင်ကားကြီး ၆ ဘီးကား၊ ၁၀ ဘီးကားများသည် မန္တလေး – စစ်ကိုင်း – စဉ့်ကူး – မိုးကုတ် – ကျောက်မဲ – မူဆယ် လမ်းကို သွားလာအသုံးပြုနေကြောင်း ၎င်းက ဆက်ပြောသည်။
“၆ ဘီး နဲ့ ၁၀ ဘီးကားတွေပေါ့။ မန္တလေးက စစ်ကိုင်းဘက်ကို ဆင်းပြီး စဉ့်ကူးဘက်ကို ဖြတ်ပြီးတော့ သပိတ်ကျင်းကနေ မိုးကုတ်ဘက်ကို ခရီးဆက်တာပေါ့။ ငလျင်ပြီး နောက်ပိုင်းတော့ သိပ်မများတော့ဘူး သွားတာ”ဟု ၎င်းက ပြောသည်။
ထို့ပြင် လမ်းတကြောတွင်လည်း စစ်ကောင်စီ စစ်ဆေးရေး ဂိတ်အပြင် တိုင်းရင်းသား လက်နက်ကိုင် ဂိတ်များစွာရှိပြီး အခွန်ကောက်ခံမှု များခြင်းကြောင့် ခရီးစရိတ် ပိုကုန်ကြောင်း ၎င်းကားသမားက ဆက်ပြောသည်။
“မန္တလေးကနေ ထွက်ရင် စစ်ကောင်စီဂိတ်ပေါ့၊ ပြီးတော့ သျှမ်းမြောက် ရောက်ခါနီးရင် တော်လှန်ရေးတပ်တွေ။ အဲ့မှာပြီးတာနဲ့ ပလောင်ဂိတ်၊ ကိုးကန့်ဂိတ်၊ သျှမ်းစစ်သားဂိတ်၊ ကချင်ဂိတ်တွေပေါ့ တစ်နေရာကို ၂ သိန်းကတော့ အနည်းဆုံးပေးရတယ်။ ၆ ဘီးကား တစ်စီးက ပစ္စည်းတင်ရင် ဆီဖိုးနဲ့ လမ်းကြေး၊ အခွန်ကြေးတွေနဲ့ဆိုရင် ကားသမားတွေမှာ ဘယ်လောက်မှ မကျန်ဘူး” ဟု ၎င်းက ထပ်လောင်းပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားပြီးနောက် ယခင်အသုံးပြုနေသည့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း ပျက်စီးမှုကြောင့် လက်ရှိတွင် မန္တလေး – တောင်ကြီး – လဲချား – မိုင်းနောင် – မိုင်းရယ် – သိန္နီ – ကွတ်ခိုင် – မူဆယ် လမ်းကိုလည်း သွားလာအသုံးပြုနေကြကြောင်း သိရသည်။
ထိုလမ်းတကြောတွင်လည်း စစ်ကောင်စီတို့၏ တောင်ကြီး ၄ မိုင်ဂိတ်၊ မိုင်းနောင် စစ်ဆေးရေးဂိတ် အပြင် ပင်လုံမြို့၊ လဲချားမြို့ ၊ မိုင်းကိုင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတင်းကြပ်မှုများ ရှိကြောင်း သိရသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့၏ တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးများ၊ တံတား ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ မူဆယ် – လားရှိုး – ကျောက်မဲ – ပြင်ဦးလွင် – မန္တလေး လမ်းပိုင်းတွင် လုံခြုံမှု မရှိသေးဘဲ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ဖြတ်သန်းသွားလာခွင့် မပြုသေးကြောင်း သိရသည်။












Leave a Comments