ငလျင်ဒဏ် ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရသည့် မန္တလေးမြို့နှင့် အမရပူရမြို့အတွင်း ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် ငလျင်ဘေးသင့် ပြည်သူများအတွက် အမိုးအကာနှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။
လက်ရှိတွင် မန္တလေးမြို့နှင့် အမရပူမြို့အတွင်း ငလျင်ဘေးသင့် ပြည်သူများသည် ယာယီတဲများ ထိုး၍ နေထိုင်နေရကြောင်း၊ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု လေပြင်းတိုက်ခိုက်မှုကြောင့် ယာယီတဲများသည် တောင့်တင်းခိုင်မာမှု မရှိဘဲ အမိုးအကာများ အရေးပေါ် လိုအပ်နေကြောင်း သွားရောက်ကူညီ ကယ်ဆယ်နေသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အခု ဆောက်ထားတဲ့ ယာယီတဲက မိုးအရမ်းကြီးရင်တောင် မခိုင်ဘူး။ မိုးကာ ကောင်းကောင်းနဲ့ ခိုင်ခံ့အောင် ဆောက်ဖို့လိုတယ်။ အလှူရှင်တွေကို မိုးကာနဲ့ ဆေးဝါး အဓိက ထည့်သွင်းစဉ်းစားဖို့ ပြောချင်တယ်” ဟု မန္တလေးမြို့အတွင်း ငလျင်ဒဏ်သင့် ပြည်သူများကို သွားရောက် ကူညီနေသည့် အမျိုးသမီးတစ်ဉီးက ပြောသည်။
လက်ရှိ ငလျင်ဒဏ်သင့်ပြည်သူများသည် အောက်ခံ အခင်းများ မရှိဘဲ အိပ်စက်ရသည့်အတွက် အသက်ကြီးသူများသည် ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ထို့အပြင် သွေးတိုး၊ ဆီးချိုရှိသူများ အတွက်လည်း ဆေးဝါးလိုအပ်မှုရှိနေကြောင်း ၎င်းအမျိုးသမီးက ပြောသည်။

“ကျနော်တို့ ကူညီတဲ့ထဲမှာဆိုရင် အသက်ကြီးသူတွေက အခု ကိုက်ခဲတာတွေ များတယ်။ အခင်းမရှိဘဲ ဖြစ်သလို အိပ်ရတယ်လေ။ နောက်ပြီး သွေးတိုးနဲ့ ဆီးချိုရှိသူတွေ များတော့ ဆေးတောင် ပြတ်တဲ့အထိပဲ။ မန္တလေးမှာလည်း ဆေးတွေက ပြတ်သလောက်ပဲ”ဟု အထက်ပါ အမျိုးသမီးက ထပ်လောင်းပြောသည်။
လက်ရှိအချိန်အထိ မန္တလေးမြို့တွင် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ဆက်တိုက်ဖြစ်နေပြီး အဆောက်အဉီထဲ ပြန်၍ ဝင်အိပ်ခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရဲသေးဘဲ လမ်းဘေးတွင် တဲများထိုးခြင်း၊ ခြင်ထောင်များ ထောင်ပြီး အိပ်နေကြကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ည မန္တလေးကျုံးဘေးတွင် ပြောင်းရွှေ့ခိုလှုံနေသည့် ငလျင်ဒဏ်သင့် ဒေသခံများမှာ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် တဲများ ပျက်စီးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မန္တလေးမြို့ကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် နိုင်ငံတဝှမ်း သမိုင်းဝင် ဘာသာရေး အဆောက်အဦများ၊ လမ်းတံတားများ အပါအဝင် တိုက်များ၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဆက်လက်မြင့်တက်နေသည်။












Leave a Comments