နွေဉီးတော်လှန်ရေးနဲ့အတူ “၁၀၂၇ စစ်ဆင်ရေး” ကို မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်တုန်းက ထိုးစစ်ပြန်လည်စတင်ပြီး နဂိုသိမ်းပိုက်ထားတဲ့ မြို့တွေ အပြင် နောင်ချို လားရှိုး မိုးကုတ် မိုးမိတ် မဘိမ်း သီပေါ ကျောက်မဲ မြို့တို့ကိုပါ ထပ်မံသိမ်းပိုက်လိုက်ပါတယ်။
နောင်ချိုမြို့ကို ၂၀၂၄ ခု ဇူလိုင်လ ၁၇ ရက်မှာ တအာင်းပလောင်တပ် TNLA က သိမ်းပိုက်လိုက်ပြီး လားရှိုးမြို့ ကိုတော့ MNDAA အမည်ရှိ တရုတ်ကိုးကန့်တပ် က သြဂုတ်လ ၃ ရက်မှာ သိမ်း ပိုက်လိုက်တာပါ။
ဒီစစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်း နှစ်ပိုင်းလုံးကို ကျားဖြန့် တိုက်ဖျက်ရေးခေါင်းစဉ်နဲ့ တရုတ်နိုင်ငံကနေ ထောက်ပံ့ အားပေးလာခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ရမယ် မထင်ပါဘူး။
လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်တုန်းက တရုတ်က ဘာမှမသိသလို နေနေခဲ့တယ်။
၁၀၂၇ စစ်ဆင်ရေးဟာ “ တပ်မတော်သည် နှစ်ပေါင်း ၈၀ ကျော် သက်တမ်းရှိသည့် စစ်သည် အင်အား လေးသိန်းသည် ဂုဏ်သိက္ခာအပြည့်နှင့် ရပ်တည်လာခဲ့သည်။” – လို့အစဉ်အမြဲ ဟစ်ကြွေးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်တာပါပဲ။
ရက်ပေါင်း ၃၀ တိုက်ပွဲအတွင်းမှာပဲ ဗမာ့တပ်မတော်ဆိုတာကြီးဟာ လားရှိုးမြို့ကနေ အရှုံးကြီးရှုံးနိမ့်ပြီး (အရပ်စကားအတိုင်း “ခွေးပြေးဝက်ပြေး” ) တပ်ဆုတ်လိုက်ရပါတယ်။
တိုက်ခိုက်ရေး အင်အား ခလရ ခမရ တပ်ရင်းပေါင်း ၅၀ ခန့်ရှိတဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကြီးကလည်း တော်လှန်ရေးတပ်ဖွဲ့လက်အောက် ပထမဆုံးအကြိမ် ရောက်သွား စစ်တိုင်းချုပ်ကြီးအဖြစ် သမိုင်းမှတ်တမ်း တွင်သွားပါတော့တယ်။
အာဏာသိမ်း သွေးစွန်းတပ်ကို ရွံ့မုန်းနေတဲ့ လားရှိုးမြို့ခံတွေက တိုက်ပွဲကာလ ပျက်စီးသွားတဲ့ မိမိ အိုးအိမ် စည်းစိမ်နဲ့ ဆုံးရှုံးသွားတဲ့ ဖခင် မိခင် ညီကို မောင်နှမ သူငယ်ချင်းတွေအတွက် ကျနေတဲ့ မျက်ရည်ကြားကပဲ စစ်အာဏာရှင်တိုက်ဖျက်ရေးဆိုတဲ့အပြုံးအားနဲ့ နွေဉီးတော်လှန်ရေးကို အားပေးခဲ့ပါတယ်။
ခုခါမှာတော့ တရုတ်ဖိအားကြောင့် လားရှိုးမြို့ကနေ တရုတ်ကိုးကန့်တပ်တွေ စတင်ဆုတ်ခွာနေပါပြီ။ ဒီလ ဧပြီ ၁၇ ရက် မြန်မာ့ နှစ်သစ်ကူး မတိုင်မီ အပြီး ဆုတ်ခွါရမယ်ဆိုတာလဲ သတင်းရရှိထားပါတယ်။
တရုတ်အစိုးရက ၎င်းတို့ အကျိုးစီးပွားအတွက် ပြင်ဆင်နေတဲ့ ပိုးလမ်းမ ကမ္ဘာ့ပတ် အမြန်ရထားလမ်း /ကားလမ်းမကြီး စီမံကိန်းဖြစ်မြောက်အောင်၊ အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ တရားဝင်အစိုးရ ဖြစ်လာအောင်၊ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ အမြန်ဆုံးလုပ်အောင် ဖိအားပေးနေတာပါ။
၎င်းတို့ အားပေးမှုနဲ့ ဖြစ်လာတဲ့ သျှမ်းပြည်မြောက်ပိုင်း စစ်ဆင်ရေးကြောင့် စစ်ဘေးစစ်ဒဏ်သင့်ပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတဲ့ သိန်းနဲ့ချီတဲ့ လားရှိုးလူထုကို တရုတ်ကအရေးမမှုသလို မြန်မာ့လူထု တရပ်လုံးကို မျက်ကွယ်ပြုနေတာပါပဲ။
ဒါတွေဟာ ဝန်ကြီးချုပ်ဉီးနု ခေတ်က တရုတ် – မြန်မာ ချစ်ကြည်ရေး သဘော တူညီချက်ကနေ ဖြစ်ပေါ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံ အာရှ – အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံ သဘောတူညီ လက်မှတ်ရေးထိုးထားတဲ့ ဘန်ဒေါင်းစာချုပ် (၁၉၅၅ ခုနှစ်) ကို တရုတ်က ချိုးဖေါက်လိုက်တာပါဘဲ။
ဘန်ဒေါင်း သဘောတူညီချက် ၅ ရပ် –
(၁) နိုင်ငံ တခု နဲ့ တခု ပိုင်နက်နယ်မြေ နဲ့ အချုပ်အခြာကို လေစားဖို့
(၂) နိုင်ငံ တခု နဲ့ တခု မကျူးကျော်ဖို့
(၃) နိုင်ငံတခု နဲ့ တခုရဲ့ ပြည်တွင်းရေးကိစ္စကို မစွက်ဖက်ဖို့
(၄) နိုင်ငံတခု နဲ့တခု တန်းတူညီမှု အကျိုးဖြစ်ထွန်းဖို့
(၅) နိုင်ငံရေးမူဝါဒ ကွဲလွဲပေမဲ့ ငြိမ်းချမ်းစွာ ပေါင်းသင်းဆက်ဆံဖို့ စတာတွေ ဖြစ်ပါတယ်။
တရုတ်ကတော့ မြန်မာလူထု မျက်နှာကို မကြည့် ၎င်းတို့ သဘောတူညီထားတဲ့ စာချုပ်ကို မျက်ကွယ်ပြု၊ မြန်မာ့မြေက သယံဇာတကို လက်ဝါးကြီးအုပ်ယူဖို့သာ ရှေးရှုနေတဲ့အပြင် မြန်မာပြည်ကို ဖြတ်သန်းမဲ့ ကမ္ဘာပတ်စင်္ကြံလမ်းမကြီး ဖြစ်မြောက်ဖို့ ပါပဲ။
အဘက်ဘက် နှစ်နာဆုံးရှုံးနေတဲ့ လားရှိုးဒေသခံ စကား က – “စစ်ကြောင့် ငါ့အိမ်မီးလောင်သွားတာ၊ ဗုံးဒဏ်ကြောင့် ငါ့အိမ်ပြိုပျက် သွားတာ၊ ဒီစစ်မီးကြောင့် ငါ့စီးပွားရေးပျက်စီးသွားတာ – စတာတွေ ဘယ်သူတာဝန်ယူပေးမလဲ” ဆိုတဲ့မေးခွန်း ။
ဟုတ်လဲ ဟုတ်ပါတယ် ဘယ်သူတာဝန်ယူမလဲ ? စစ်ကောင်စီလား ? တရုတ်သမ္မတ ရှီကျင့်ဖျင်လား ? တိုက်ပွဲမရှိပဲ လားရှိုးကနေ ဆုတ်ခွါနေတဲ့ တရုတ်ကိုးကန့်တပ်လား။ တာဝန်ရှိသူတွေ ဖြေပေးကြပါ။
ခုမှာတော့ – တရုတ်ကိုးကန့် MNDAA တပ်ဆုတ်နေတာကို ရင်နာစွာ ကြည့်နေရတဲ့ လားရှိုး ဒေသခံ တွေဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် နှစ်နာဆုံးဆုံးခဲ့ရပြီ။ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စိတ်ထိခိုက် ဒဏ်ရာတွေ ပိုနာကျင်လာနေရပြီ။ မကြာခင် တရုတ်စီမံကိန်းက လားရှိုးမြို့အပါအဝင် သျှမ်းပြည် မြောက်ပိုင်း တခွင်ကို ဖြတ်ဖောက်တော့မှာဖြစ်တယ်။ လယ်တွေ ယာတွေ လူထုပိုင် ရပ်ရွာအိမ်ခြံမြေ တွေ ထပ်မံသိမ်းပိုက်တော့မှာကြောင့် ထပ်မံနှစ်နာဆုံးရှုံးတော့မှာဖြစ်တယ်။
လားရှိုးဒေသခံတွေသာမက မြန်မာပြည်သူလူထုတရပ်လုံး “ မိအေး ထပ်နာရတော့မယ့်” စိုးရိမ်ချက်နဲ့ သံတော်ဆင့်အပ်ပါတယ်။
လူထု အသံ သျှမ်းသံတော်ဆင့်အသံ












Leave a Comments