သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မန္တလေးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများသည် ငလျင်ဒဏ်ကြောင့် နေရပ်ဇာတိသို့ ပြန်နေရကြောင်း စုံစမ်းသိရသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့၏ “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် ပြည်သူများသည် စစ်ဘေးလွတ်ကင်းသည့် မန္တလေးမြို့ရှိ ကွန်ဒို၊ တိုက်ခန်း၊ အဆောင်များတွင် လာရောက်ငှားရမ်း၍ အနီးစပ်ရာ ဆွေမျိုးများအိမ်တွင် ပြောင်းရွှေ့ တိမ်းရှောင်ခဲ့ကြသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့အနီးတွင် ဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် မန္တလေးမြို့ရှိ ဘာသာရေး အဆောက်အဦ၊ လမ်းတံတား အပြင် တိုက်တာအိုးအိမ်များ ပျက်စီးဆုံးရှုံးမှု များခဲ့သည်။
ထို့ကြောင့် မန္တလေးမြို့တို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် နီးစပ်ရာဆွေမျိုးနှင့် မြို့ကြီးတို့တွင် ထပ်မံတိမ်းရှောင်နေပြီး၊ နေရပ်ဇာတိသို့ ပြန်သွားသည့် စစ်ဘေးရှောင်များ လည်း ရှိကြောင်း အသက် ၄၀ ဝန်းကျင် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သျှမ်းမြောက်ကနေ စစ်ဘေးရှောင်လာတဲ့ လူတွေက မန္တလေးက ကွန်ဒိုတွေ တိုက်ခန်းတွေမှာ နေကြတယ်။ ငလျင်လှုပ်လို့ အဲ့ကွန်ဒိုတွေ ပြိုလို့ သေဆုံးသွားတာ ရှိသလို တချို့ တိုက်ခန်းတွေမှာ နေတဲ့ လူတွေကြတော့ တိုက်ပြိုကျလို့ အက်ကွဲနေလို့ ဆက်နေလို့မရတော့လို့ အခုက နေရပ်ပြန်တာ၊ ပြင်ဦးလွင်ဘက် ပြောင်းသွားတာမျိုးတွေ ရှိတယ်။ အများစုကတော့ ပြောင်းတာ ရွှေ့တာတွေ လုပ်နေတယ်”ဟု ၎င်းစစ်ရှောင် အမျိုးသားက ပြောသည်။

မန္တလေးမြို့တွင်းရှိ တိုက်မြင့်များ၊ ကွန်ဒိုနှင့် တိုက်ခန်းများတွင် ငှားရမ်းနေထိုင်နေသည့် သျှမ်းပြည် မြောက်ပိုင်း ပြည်သူများသည် စိုးရိမ်မှုများနှင့် ဆက်လက်နေထိုင်ရန် အခက်အခဲများကြောင့် နေရပ်ပြန်နေကြကြောင်း အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။
“တော်တော် များများ ပြန်ကြတယ်။ နေတဲ့ တိုက်ခန်းကလည်း ကွဲအက်နေတော့ မနေရဲကြတော့ လို့လေ။ ဒီရက်ပိုင်းတွေမှာလည်း ငလျင်သေးလေးတွေက လှုပ်နေသေးတော့ ပြိုမှာကလည်း ကြောက်တယ်။ မြို့ကလည်း အရင်လို ပြန်ဖြစ်ဖို့ မလွယ်ဘူးထင်တယ်။ ခုထိ တိုက်အမြင့်နဲ့ နေတဲ့သူက အိမ်ထဲ မအိပ်ရဲသေးဘူး၊ လမ်းပေါ်မှာပဲ အိပ်ကြတာလေ ဆက်နေရင် အဆင်မပြေဘူး”ဟု အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ဆက်တိုက်ဖြစ်နေပြီး အဆောက်အဉီထဲ ပြန်၍ ဝင်အိပ်ခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရဲသေးဘဲ လမ်းဘေးတွင် တဲများထိုးခြင်း၊ ခြင်ထောင်များ ထောင်၍ ညအိပ်နေကြသည်။
မတ်လ ၂၈ ရက်တွင် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သီပေါမြို့မှ မန္တလေးသို့ စစ်ဘေးတိမ်းရှောင်နေသည့် SSPP မှ စဝ်လွယ်မောဝ်၏ ဆွေမျိုးများဖြစ်သည့် သားသမီး၊ မြေးမြစ်များ အပါအဝင် အမျိုးသမီး (၅) ဦးနှင့် ကလေး (၃) ဦး၊ အမျိုးသား (၂) ဦး၊ စုစုပေါင်း (၁၀) ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။












Leave a Comments