ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် ကျင်းနက်ကြီးများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းသိရသည်။
မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ ဒေသခံများ၏ စိုက်ပျိုးရေးခြံတစ်ခုအတွင်း မြေကျွံကျပြီး ကျင်းနက်ကြီးများ ဖြစ်ပေါ်လာခဲ့ကြောင်း ထိုင်းသတင်းဖော်ပြချက်များအရ သိရသည်။
ထိုကျင်းနက်ကြီး ဖြစ်ပေါ်ခဲ့သည့် နေရာသို့ မယ်ဟောင်ဆောင်ခရိုင်မှ ခွန်ယွမ်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ ဘူမိဗေဒ ကျွမ်းကျင်ပညာရှင်တို့မှ စုံစမ်းစစ်ဆေးရန် သွားရောက်ကြည့်ရှုခဲ့ကြသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်နိုင်သော မြေအောက်ရေစနစ် ပြောင်းလဲမှုများနှင့် မြေအောက်ရေ နိမ့်ဆင်းမှုများက ကျင်းနက်ကြီး၏ အောက်ခြေတွင် ရေများ ရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း ကောက်ချက်ချထားသည်။
အလားတူ ကရင်နီပြည် ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီး နောက်တစ်ရက် မတ်လ ၂၉ ရက်နေ့မှ စတင်ကာ မြေကျွံကျပြီး တဖြည်းဖြည်းနှင့် အနက်ပေ ၁၀၀ ခန့်ရှိ ကျင်းနက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မန္တလေးမြို့ကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် နိုင်ငံတဝှမ်း သမိုင်းဝင် ဘာသာရေး အဆောက်အဦများ၊ လမ်းတံတားများ အပါအဝင် တိုက်များ၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဆက်လက်မြင့်တက်နေသည်။












Leave a Comments