မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်း ငလျင်သည် မတ် ၂၈ရက်မွန်းလွဲပိုင်းတွင်လှုပ်ခတ်ခဲ့သည်။ ထိုငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း တို့တွင် အထိအခိုက်ပျက်စီးဆုံးရှုံးမှု နှင့် လူအသေပျောက်အများဆုံးဖြစ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များလည်း သွားရောက်ကူညီကြသည်။
အလားတူ သျှမ်းပြည်တွင်းလည်း ငလျင်ဒဏ်ကြောင့် တောင်ကြီး ၊ အောင်ပန်း ၊ ကလော ၊ အင်းလေးဒေသတွေမှာ ထိခိုက်ဆုံးရှုံးမှု အများပြားရှိနေကြောင်း သိရသည်။
ထိုအပြင် အင်းလေးဒေသသည် ထိခိုက်သေဆုံးမှုအများပြားရှိနေပြီ လက်ရှိအချိန်ထိ ကြီးမားသည့် ကူညီကယ်ဆယ်မှုမရရှိသေးပေ။
ထိုကြောင့်လက်ရှိအင်းလေးအခြေနေဘယ်လိုရှိနေလဲဆိုတာကို အင်းလေးဒေသမှာ သွားရောက်ကူညီပေးနေတဲ့ Hand to Hand Charity Myanmar ကို တည်ထောင်သူ ဒေါ်ရီရီမင်း (ခ) မပူဆူးကို သျှမ်းသံတော်ဆင့် စိုင်းဆိုင်လျန်က ဆက်သွယ်မေးမြန်ထားပါတယ်။
မေး။ ။လက်ရှိ အင်းလေးမှာ အရေးပေါ် ဘာတွေလိုအပ်နေပါသလဲ။
ဖြေ။ ။ အခုလောလောဆယ် အရေးပေါ်လိုအပ်နေတာကတော့ စားစရာ၊ ရေဓာတ် ၊ ရေကတော့ အရမ်းကိုခက်ခဲနေတယ်။ လောလောလတ်လတ်မှာတော့ အိမ်တွေက ဘယ်လိုမှနေလို့ မရတော့တဲ့အတွက် ယာယီတဲအိမ်တွေလိုတယ်။
အဲဒီအတွက်ကြောင့် မိုးကာတွေလိုတယ်ပေါ့။ နောက်ပြီးတော့ တစ်ချို့ခြံလုပ်ငန်းရှင်တွေဆိုရင် သူတို့အိမ်မှာ နေလို့မရတဲ့အတွက်ကြောင့် သူတို့ခြံထဲက လယ်တောအိမ်တွေထဲမှာသွားနေတာမျိုး၊ နောက်လှေပေါ်မှာပဲ အိမ်လိုအသုံးပြုပြီနေရတာမျိုးတွေရှိတယ်။ တစ်ချို့ဘယ်လိုမှနေလို့မရတော့တဲ့သူတွေကတော့ ညောင်ရွှေမြို့ ဘုန်းကြီးကျောင်းမှာသွားနေကြတာတွေလည်းရှိတယ်။
ကယ်ဆယ်ဖို့အတွက်ဆိုရင်လည်း စက်အင်အားတွေလည်းလိုမယ်။ အိမ်ကအလုံးစုံ ပြိုကျသွားတဲ့ အိမ်တွေလည်းရှိတဲ့ အတွက်ကြောင့် ဒါတွေကိုပြန်ဆယ်ဖို့ဆိုရင် လူအင်အား၊ စက်အင်အားလိုမယ်လို့ ကျမထင်တယ်။ ဘာလို့လဲဆိုရင် ရေပေါ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီတိုင်းကောက်ယူပြီးတော့ ပုံထားလို့လည်းမရဘူးလေ။ အဲတော့တော်တော်တန်တန် ကျွမ်းကျင်တဲ့သူဖြစ်မှပဲ အဆင်ပြေမယ်လို့ ကျမထင်တယ်။
မေး။ ။ အင်းလေးဒေသကို လာရောက်ကူညီမဲ့အဖွဲ့တွေကို ဘယ်လိုအကြံပြုချင်ပါသလဲ။
ဖြေ။ ။ ရေကူးကျွမ်းကျင်ဖို့လည်းလိုအပ်မယ်။ နောက်ပြီး ဒီနယ်မြေကိုသိမှလည်းရမယ်။ အဓိကတော့ ကယ်ဆယ်ရေးလာမယ်ဆိုရင် ဒေသခံရွာခံတွေနဲ့သေသေချာချာ ချိတ်ဆက်ပြီးတော့မှ ကူညီတာပိုထိရောက်မယ်။ ဒီတိုင်းပဲ ကူညီချင်လို့လာတယ်။ လာပြီတော့ ရွာတွေမှာ ဒီပစ္စည်းပေးခဲ့ ဟိုပစ္စည်းပေးခဲ့ဆိုရင် ဒါမျိုးတွေကတော့ မထိရောက်ဘူးလို့ထင်တယ်ရှင့်။ နောက်ပြီးတော့ အခုဆိုရင် ယာယီတဲလေးတွေကို ဆောက်ပေးနိုင်တာမျိုးဆိုရင် အဆင်ပြေတယ်။ ဆောက်လုပ်ရေးအဖွဲ့တွေ ၊ ငွေအင်အား ၊ လူအင်အား ရွာအတွင်းလက်သမားတွေနဲ့ ဝိုင်းဝန်ပြီးတော့ ကူညီရင်တော့ ပိုပြီးတော့ ထိရောက်မယ်လို့တော့ ကျမထင်တယ်။
မေး ။ ။ အင်းလေးမှာ ကူညီထောက်ပံ့မှုအားက ဘယ်လောက်ရှိနေပါသလဲ။
ဖြေ ။ ။ တစ်ရက်ကတော့ ကျမတို့ဆီ KBZ ဘဏ်ကနေဝင်လာတာကိုတော့ ကျမတို့တွေ့တယ်။ သူကတော့ အခုလောလောဆယ်တော့ ကူညီမှုအကြီးမာဆုံးပဲလို့ ကျမတော့ထင်တယ်။ တစ်ခြားကူညီမှုတွေကတော့ လောလောဆယ် ကျမတော့သိလည်းမသိသေးဘူး၊ မတွေ့သေးဘူး။လိုင်းပေါ်မှာတက်လာတာတွေလည်း သိပ်မတွေ့သေးဘူး။ အဖွဲ့အသေးလေးတွေနဲ့လာနေတာတော့ အများကြီးတွေ့တယ်။ ဒါပေမဲ့လောလောလတ်လတ်အနေနဲ့ ဘယ်အဖွဲ့က ဘာလဲဆိုတာမသိသေးဘူး။ ကယ်ဆယ်မှုကတော့ မရောက်လာကြသေးဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာခြင်းမရှိသေးဘူး။ နောက်ပြီးတော့ ကြီးမားတဲ့ကူညီထောက်ပံ့မှုတွေမရသေးပါဘူး။ ဒေသခံ ၊ နယ်ခံလေးတွေနဲ့ နီးစပ်ရာက ကူညီထောက်ပံ့ပေးနေတာတွေပဲရှိနေပါသေးတယ်။
မေး ။ ။ သေဆုံးမှုများပြားရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။
ဖြေ ။ ။ ရေနစ်လို့ပါရှင့်။ ရေနစ်တာထက် တစ်အိမ်လုံးလိုက်ပြိုကျတာကြောင့် မိသားစုလိုက်ပါသွားတာပေါ့နော်။ ရေအောက်ထဲမှာပိသွားတဲ့အတွက်ကြောင့်ပေါ့။ ကုန်ပေါ်မှာဆိုရင် အရေးပေါ်အခြေနေနဲ့ ပိနေတာတွေကို ဖယ်ပေးလို့ရသေးတယ်။ အခုကရေထဲမှာကျတော့ ဘယ်လိုမှ မကူညီနိုင်ဘူးဖြစ်နေတာ။ တစ်ချို့ကျတော့လည်း တစ်ခုခုနဲ့ရိုက်မိကျတော့ တော်ရုံတန်ရုံနဲ့မကူညီနိုင်ကြတော့ဘူး။ အင်းထဲမှာနေတယ်ဆိုပေမဲ့လည်း တစ်ချို့တွေ ကလေးတို့ ၊ အသက်ကြီးတဲ့သူတို့ ၊ အမျိုးသမီးတို့က ရိုက်မိတဲ့အရှိန် နဲ့ ပိနေတဲ့ဟာတွေနဲ့ဆိုတော့ တော်ရုံရှင်သန်ဖို့ကမလွယ်ဘူး။ ကယ်မယ်ဆိုရင်လည်း ကုန်ပေါ်မှာဆိုရင် ပိတ်မိနေရင်တောင်မှ အပေါ်ကနေ ဖယ်ပေးလိုက်ရင် ရှင်သန်ဖို့ အခွင့်လမ်းရှိသေးတယ်။ ရေထဲကျတော့ ရှင်သန်ဖို့အခွင့်လမ်းကမရှိတော့ဘူး။ ကုန်ပေါ်မှာဆိုရင် ဒေါက်တိုင်တို့ မာကျောတဲ့အရာတစ်ခုခုက ထောက်ထားရင် ရှင်သန်ဖို့ရှိသေးတယ်။ ကယ်ဆယ်တဲ့သူကို စောင့်ပေးလို့ရသေးတယ်ပေါ့။ အင်းထဲမှာကျတော့ ကယ်ဆယ်တဲ့သူလည်း စောင့်ဖို့အဆင်မပြေဘူး။ အကုန်လုံးနီးပါး၊ တစ်ရွာလုံးနီးပါးဖြစ်တဲ့အခါကျတော့ သူမကယ်နိုင် ကိုယ်မကယ်နိုင်ဖြစ်ကုန်တာပေါ့။ အဲတော့ ကယ်ဆယ်ရေးအဖွဲ့လာခဲ့ရင်တောင်မှ သူတို့ကိုမကယ်နိုင်တော့ဘူးရှင့်။ ရေထဲရောက်သွားလို့လေ။

မေး ။ ။ သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို ဘယ်လိုမျိုးသဂြိုလ်နေရလဲ။
ဖြေ ။ ။ သေဆုံးတဲ့သူတွေကတော့ သူတို့ရိုးရာအတိုင်းလုပ်ကြတာပေါ့။ ဒါပေမဲ့ သေဆုံးသူအများပြားဖြစ်တဲ့အတွက်ကြောင့် တစ်နေရာထဲမှာစုတာမျိုးနဲ့ပဲ သဂြိုလ်ပေးနေရတာပေါ့။ သေသေချာချာဘာမှ မလုပ်နိုင်သေးဘူး။ အကုန်လုံး ဒီသေဆုံးတဲ့အလောင်းတွေကိုသယ်တယ်။ သယ်ပြီးတာနဲ့တစ်ခါထဲ မြှုပ်နှံတာမျိုး ၊ မီးသဂြိုလ်ရတာမျိုး အဲလိုမျိုးပဲလုပ်နေရတာပါရှင့်။
မေး ။ ။ လက်ရှိအင်းလေးမှာ ဘယ်လိုမျိုးအခက်ခဲတွေရှိနေပါသလဲ။
ဖြေ ။ ။ ကျမတို့အနေနဲ့ကတော့ အတိအကျ စာရင်းကောက်ဖို့အတွက် အခက်ခဲဖြစ်နေကြတာပေါ့။ တစ်ရွာပြီတစ်ရွာသွားဖို့ဆိုတာကလည်းသိပ်မလွယ်ဘူး။ နောက်တစ်ခါ နယ်ခံတွေအနေနဲ့ကလည်း Data တွေကောက်ပြီးတော့ အချက်အလက်တွေ မျှဝေပေးဖို့ကလည်း အရမ်းကိုခက်ခဲနေတယ်။ ဘာလို့လဲဆိုရင် သူတို့ကိုယ်တိုင်လည်း ဒုက္ခရောက်တယ်။ နောက်တစ်ခါလိုင်းတွေသုံးဖို့အတွက်ကလည်း အရမ်းကိုခက်ခဲနေတဲ့အတွက်ကြောင့်မလို့ ကျမတို့ သတင်းအတိကျရဖို့အရမ်းကို ခက်ခဲနေပါတယ်။ ဒီမှာက ငလျင်လှုပ်တဲ့နေ့ကတည်းက လျှပ်စစ်မီးမရတော့ဘူး။ နောက်ဝိုင်ဖိုင် ၊ အင်တာနက်ကလည်းပျက်တယ်။ ရတဲ့ဖုန်းလိုင်းတွေကလည်း ကောင်းကောင်းသုံးလို့မရတဲ့အတွက် သတင်းမျှဝေမှုကလည်းနည်းတယ်ပေါ့နော်။ နောက်တစ်ခါ ရွာအလိုက်ကပရဟိတအဖွဲ့အင်အားတွေကလည်း အရမ်းနည်းနေတယ်။ အဲတာကြောင့်မလို ကူညီမှုကတော့ မထိရောက်သေးဘူး။ လောလောဆယ်တော့ ကျမတို့ နယ်ခံတွေကတော့ တက်နိုင်သလောက် ငွေတွေကိုစုပြီတော့မှ ကိုယ်တိုင်ရွာတွေကိုလိုက်ပြီကူညီပေးနေတယ်ပေါ့။ ကူညီတဲ့အဖွဲ့တွေလည်း အများကြီးတော့ရောက်မလာကြသေးဘူး။ တကယ်တမ်းကျတော့ ဒုက္ခရောက်တဲ့သူနဲ့ ကူညီတဲ့သူရဲ့ အင်အားက မလောက်ငှသေးဘူးရှင့်။
နောက်တစ်ခုကျတော့ ကုန်ပေါ်မှာနေတဲ့သူတွေကျတော့ ၃ ၊ ၄ ရက်လောက်မီးပျက်နေတဲ့အခါကျတော့ သောက်သုံးရေတွေခက်ခဲတာမျိုး ၊ လုံးလောက်တဲ့ရေကို စက်ရုံကနေမရတာမျိုး၊ အဲလိုမျိုးတွေလည်း ကြုံတွေ့နေရတယ်။ မြို့ပေါ်မှာလည်း တစ်အားခက်ခဲနေကြပါတယ်။ အခုဆိုရင်ရေမရောက်တဲ့နေရာမှာတွေလည်း မီးမရတဲ့အတွက်ကြောင့်မလို့ ချိုးရေတွေ ၊ သုံးရေတွေ ၊ သောက်ရေတွေမရဘူးပေါ့။ ရေပြတ်လပ်တဲ့ဒုက္ခကိုခံနေရတာ။
မေး ။ ။ နောက်ဆုံးလူသေဆုံးမှု နဲ့ နေအိမ်ပျက်စီးမှုအခြေနေဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အခုလောလောဆယ်ကျမတို့ ကြားနေတာကတော့ သေဆုံးမှုကတော့ ၁၀၀ ကျော်သွားပြီလို့တော့ သိရတယ်။ အခုအင်းလေးက ဘာဖြစ်နေလဲဆိုရင် ကျမတို့တောင် ဒီနေ့မှထိခိုက်တဲ့ရွာတွေရဲ့စာရင်းကို ဒီနေ့မှနည်းနည်းပိုရတယ်။ ဘာလို့လဲဆိုရင် ဒီဘက်မှာအင်တာနက်မရတဲ့အတွက်ကြောင့်မလို့ သတင်းမျှဝေမှုက အရမ်းခက်နေတာလေ။ အဲတော့ ဘယ်ရွာမှာဘာဖြစ်သွားလဲဆိုတာ ကျမတို့အတိကျမသိနိုင်ဘူး။ ဒီနေ့မှကျမတို့မှာ ၁၄ ရွာလောက်စာရင်းပြန်တက်လာတယ်။ အခုလောဆယ်တော့ နေအိမ် ၂ထောင်ကျော်ပျက်စီးသွားပြီ။ လူကတော့ ၁၀၀ ကျော်သေတယ်လို့ကြားတယ်။ တစ်ချို့ကတော့ အိမ်ကလုံးဝပျက်စီးသွားတဲ့အတွက်ကြောင့် ပျောက်သွားတဲ့သူတွေ ရှာလို့မရသေးတဲ့ အခြေနေတွေလည်းရှိနေတယ်။ နောက်တစ်ခါ ကေလာရွာဘက်မှာ ဆုံးရှုံးမှုများတာက ဓာတ်လိုက်လို့သေတဲ့သူတွေလည်းရှိတယ်လို့ ပြောတယ်။ ငလျင်လှုပ်တော့ဓာတ်ကြိုးတွေပျက်ကြတယ်။ ပြီးတော့အဲမှာ ရေနဲ့ထိပြီးတော့မှ အကုန်လုံးဓာတ်လိုက်ပြီ ဆုံးတဲ့ဟာတွေလည်းပါတယ်လို့ပြောတယ်။
အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
လက်ရှိအင်းလေးဒေသကို ကူညီချင်ပါက
Phone Number- 0941010433
Facebook Page – Hand to Hand Charity Myanmar သို့ ဆက်သွယ်ပြီ ကူညီလှူဒါန်းနိုင်ပါတယ်။












Leave a Comments