စစ်ကိုင်းမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့်သေဆုံးသူ ၂၂၀ကျော် ထိရှိလာပြီး၊ ယနေ့အချိန်ထိ မကောက်နိုင်သေးသည့်အလောင်းအများအပြားရှိသေးကာ ပုတ်စော်နံနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံ သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့ မတ်လ (၂၈) ရက်နေ့ နေ့လည်ပိုင်းတွင် ရစ်ချက်စတာစကေး (၇.၇) ရှိသော အားပြင်းသည့် ငလျင်လှုပ်ခတ်ပြီးနောက် မြို့၏ ၈၀ ရာခိုင်းနှုန်းသည် ပြိုကျပျက်စီး ခဲ့ပြီး လက်ရှိတွင် သေဆုံးသူ ၂၂၀ ကျော်ထိရှိနေကြောင်း ကူညီကယ်ဆယ်မှုပြုလုပ်နေသော အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မင်းလမ်းရပ်ကွက်မှာ ပုတ်နံ့တောင်ရနေပြီး၊ အလောင်းတွေမကောက်နိုင်တာ အများကြီးရှိသေးတယ်။ ကျနော်တို့ ကောက်ရသလောက်ဆိုရင် ၂၂၀ကျော်ရှိပြီ” ဟု စစ်ကိုင်းမြို့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဉီးက ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ သဘာဝဘေး ကူညီကယ်ဆယ်ရေးအဖွဲ့ (SMART) နှင့် စစ်ကိုင်းတိုင်းလူမှုကူညီရေးအဖွဲ့များက ပူးပေါင်းပြီး စစ်ကိုင်းမြို့ ငလျင်ဒဏ်ကြောင့် အဆောက်အဉီးပြိုကျပြီးပိမိနေသူများကို ဆက်လက်ကယ်ထုတ်နေကြောင်း သိရသည်။
သို့သော် စစ်ကိုင်းမြို့သည် မြန်မာနိုင်ငံတွင် ငလျင်ဒဏ်အခံရဆုံး မြို့ဖြစ်ပြီး၊ မြို့ ၈၀ရာခိုင်နှုန်းအပျက်အစီးများဖြစ်သည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ရန် လူအင်အား မလုံလောက်ကြောင်လည်း ၎င်း ကပြောသည်။
“မလေးရှားကနေလာတဲ့ အဖွဲ့ကတော့ မနေ့ (မတ်လ ၃၀) က ရောက်တာ။ကျနော်တို့ ငလျင်ဖြစ်ဖြစ်ချင်း မှာပဲရှိတဲ့ လူအင်းအားနဲ့ချက်ချင်း ကူညီကယ်ဆယ်တာလုပ်တယ်။အခုတော့ အဖွဲ့ခွဲပြီး ရှင်းလင်း နေတာမျိုး တွေလုပ်နေပါတယ်။မြို့က ၈၀ ရာခိုင်နှုန်းလောက်ပျက်သွားတော့ ရှိတဲ့ လူအင်အားနဲ့ ဆိုနေရာ အနှံမရောက်နိုင်တာမျိုးရှိတယ်။”ဟု ၎င်းကူညီကယ်ဆယ်ရေးအဖွဲ့ဝင်က ဆိုသည်။
လက်ရှိ စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက်တွင် လူအသေပျောက်အများဆုံးဖြစ်နေပြီး ယခုအချိန်ထိ မရှင်းနိုင်သည့်အပြင် ငလျင်ဒဏ်ကြောင့် အချို့ ဒေသခံများ အစားအသောက်နှင့် ဆေးဝါး အကူညီ လိုအပ်နေကြောင်း စစ်ကိုင်းမြို့ အမျိုးသမီးတစ်ဦးက ထပ်မံလောင်းပြောသည်
“ အကူညီတွေက အရမ်းတွေလိုအပ်နေပါတယ်။ကျမရဲ့ အနီးအနားက အမျိုးတွေ ဆုံးသွားကြတာ ၂၀ လောက်ရှိ ပြီ။အခုကတော့ ရေ နှင့် အစားအစားမလုံလောက်တာတွေကြုံနေရတယ်။”ဟု စစ်ကိုင်းမြို့ဒေသခံအမျိုး သမီးတစ်ဦးက ပြောသည်။
စစ်ကိုင်းမြို့ပေါ်တွင် ဗလီ ၃ လုံး ပြိုကျခဲ့ပြီး၊ ထိုသေဆုံးသူ အစ္စလာမ်ဘာသာဝင်များအတွက်လည်း သင်္ဂြိုဟ်ရန် အခက်အခဲများစွာ ကြုံတွေ့ နေရကြောင်းသိရသည်။
လက်ရှိ မြို့အတွင်း၌ စာရင်းများအရသေဆုံးသူဦးရေသည် ၂၂၀ထက်မနည်းကာ ရုပ်အလောင်းအချို့သည် အပျက်အစီးများအောက်တွင် ပိမိနေကြောင်း သိရသည်။
မန္တလေးမြို့ မှ စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသော စစ်ကိုင်းတံတားနှစ်စင်းအနက် တစ်စင်းမှာ ပြိုကျပြီး ကျန်တစ်စင်းတွင်လည်း အက်ကွဲသွားသဖြင့် သုံးမရတော့ရာ အရေးပေါ်အကူအညီများ ရောက်ရှိနိုင်ရန် နှောင့်နှေးကြန့်ကြာလျက်ရှိသည်။
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်း ငလျင်နဲ့ နောက်ဆက်တွဲငလျင် လှုပ်ခတ်မှုတွေကြောင့် နိုင်ငံတဝန်း သမိုင်းဝင်ဘာသာရေး အဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ အပါအဝင် တိုက်တာအိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူသေဆုံး ထိခိုက်ဒဏ်ရာရမှုတွေ ဆက်လက်မြင့်တက်နေပါသည်။












Leave a Comments