လာမည့် ၂၀၂၅ ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပြီးနောက် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့ရမည့် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ” ဆွေးနွေးပွဲနှင့် “ငြိမ်းချမ်းရေး စကားဝိုင်း” Peace Talk 2025 တို့ကို စစ်ကောင်စီ ကမကထပြု၍ မတ်လအတွင်း နေပြည်တော်၌ ကျင်းပခဲ့သည်။
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ အခြေအနေများ၊ ၂၀၂၅ အလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်း ဖြစ်နိုင်ချေများ၊ ရှမ်းနှင့်တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (SNDP) မှ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်နေမှုများကို ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သူတစ်ဦးဖြစ်သည့် ကျားဖြူပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း အား သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ “ငြိမ်းချမ်းရေး စကားဝိုင်း” Peace Talk 2025 ကို ဘယ်သူတွေ တက်ရောက်ပြီး ဘာအကြောင်းအရာတွေကို အဓိက ဆွေးနွေးခဲ့ပါသလဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေး စကားဝိုင်းကို တက်နေတာက EAOs တွေ ပါတယ်၊ ပါတီတွေ ပါတယ်။ နောက် ပညာရှင်တွေ ပါတယ်၊ ဖိတ်ကြားသင့်တဲ့ ပုဂ္ဂိုလ်တွေ ပါတယ် အားလုံး (၁၂၀) ယောက် ရှိတယ်။ အဲ့ထဲမှာ အုပ်စုနှစ်ခု ခွဲပြီးတော့ တစ်အုပ်စုကို (၆၀) စီ အစည်းအဝေး လုပ်တာပေါ့။
အဓိကတော့ ငြိမ်းချမ်းရေးအတွက်ပေါ့၊ ငြိမ်းချမ်းရေးနဲ့ စီးပွားတိုးတက်ရေး နောက်ပြီးတော့ ရွေးကောက်ပွဲ ကိစ္စတွေလည်း ဆွေးနွေးကြတာပေါ့။
မေး ။ ။ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့်ရွေးကောက်ပွဲက ဘယ်လိုပုံစံ ဘယ်လို အခင်းအကျင်းမျိုး ဖြစ်လာနိုင်လဲ၊ ကျားဖြူပါတီအနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။
ဖြေ ။ ။ ကျနော်တို့က အခုတော့ အကုန်လုံး အဆင်သင့်နီးပါး ဖြစ်နေပါပြီ။ ကျနော်တို့ ကျားဖြူပါတီက တစ်နိုင်ငံလုံးပြိုင်မယ့် ပါတီဖြစ်တော့ ပါတီဝင်အင်အား ၅ သောင်း ရှိရမယ်လေ။ အခုက ၅ သောင်း မကဘူး UEC ကို တစ်သိန်းရှစ်သောင်းကျော် တင်လိုက်တယ်၊ သူတို့ စိစစ်လိုက်တဲ့အချိန်မှာ ပါတီဝင် တစ်သိန်းကျော် ကျန်တယ်။
နောက်တစ်ခါ တစ်နိုင်ငံလုံး ပြိုင်မယ်ဆိုရင် မြို့နယ်ရုံးခွဲ (၁၁၀) အနည်းဆုံး ဖွင့်ရမယ်၊ ကျနော်တို့ အခုလောလောဆယ် (၁၁၅) တင်ပြီးပြီ။ နောက်ထပ် (၁၅) မြို့နယ်လောက် ရှိသေးတယ်၊ အဲ့တာ ထပ်တင်မယ် အခု မြို့နယ် (၁၃၀) လောက်တော့ ရနေပြီလေ၊ အဲ့တော့ ကျနော်တို့ ပြိုင်ဖို့က အဆင်သင့်ပဲ။
ဒါပေမယ့် အချိန်က နည်းနည်းလေး ဝေးနေသေးတော့ ကျနော်တို့ ၉ လလောက် ကျန်သေးတယ် ဆိုတော့က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မရွေးချယ်ရသေးဘူး။ တကယ်လို့ ဘယ်နေ့ ဘယ်ရက် ဘယ်လမှာ ရွေးကောက်ပွဲလုပ်မယ် ဆိုရင်တော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးသွားမှာ။
မေး ။ ။ ရွေးကောက်ပွဲကို အထမြောက်ဖို့ ပုံစံမျိုးနဲ့ပဲ အပိုင်းလိုက်ခွဲပြီး ကျင်းပသွားဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားတဲ့ အပေါ်မှာ ကျားဖြူပါတီ အနေနဲ့ ဘယ်လို သဘောထား ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ဆွေးနွေးတဲ့အထဲမှာ မတည်ငြိမ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်က မြို့နယ်ခွဲအပါ ၈၅ မြို့နယ်။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတယ်၊ ၈၅ မြို့နယ်ကတော့ ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲ ရှိတာပေါ့နော်။ ဒီပုံစံနဲ့ဆိုရင် မြို့နယ်ပေါင်း ၂၀၀ ကျော်တော့ ကျင်းပလို့ ရနိုင်တဲ့ အလားအလာ ရှိပါတယ်။
သျှမ်းပြည်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ မြို့နယ်တိုင်းကို ယှဉ်ပြိုင်သွားမယ်။ သျှမ်းပြည်မှာ မြို့နယ်တိုင်းပေါ့ ဥပမာအားဖြင့် သျှမ်းအရှေ့က (၉) မြို့နယ် ရှိတယ်လေ။ သျှမ်းတောင်မှာ အရင်တုန်းက လွိုင်လင်ခရိုင်မှာ ၁၁မြို့နယ် ရှိတယ်၊ တောင်ကြီးခရိုင်က (၁၀) မြို့နယ်။ သျှမ်းမြောက်မှာ ကျင်းပနိုင်တဲ့ မြို့နယ်က မူဆယ်၊ တန့်ယန်း၊ မိုင်းရယ် ဒါရှိမယ်။ အဲ့ဒါ မြို့နယ် (၃၀) ကျော် ကျင်းပနိုင်မှာပေါ့။
သျှမ်းပြည်မှာ ၃၃ မြို့နယ် ကျင်းပနိုင်တယ်ဆိုရင် ၃၃ မြို့နယ်လုံး မြို့နယ်တိုင်း ယှဉ်ပြိုင်မှာ အဲ့တာတော့ အသေအချာပဲ။ ကျနော်တို့က တစ်နိုင်ငံလုံး ယှဉ်ပြိုင်မယ့် ပါတီဖြစ်တဲ့ အတွက်ကြောင့် ရန်ကုန်တိုင်းမှာ (၄၅) မြို့နယ်စလုံး ယှဉ်ပြိုင်မှာ။ ကိုကိုကျွန်းမှာလည်း ကျနော်တို့ ရုံးခန်းဖွင့်ထားနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ရန်ကုန်တိုင်းမှာ မြို့နယ်ပေါင်း (၃၀) ကျော် ကျနော်တို့ ရုံးခန်းဖွင့်ပြီးပြီ။
ရန်ကုန်တိုင်းမှာ ၄၅ မြို့နယ် ယှဉ်ပြိုင်မယ်၊ ပဲခူးတိုင်း ၂၇ မြို့နယ် ယှဉ်ပြိုင်မယ်၊ ဧရာဝတီတိုင်း ၂၆ မြို့နယ်စလုံး ယှဉ်ပြိုင်မယ်။ နေပြည်တော်မှာ ၈ မြို့နယ် ရှိတယ်၊ မန္တလေး ၂၈ မြို့နယ်နဲ့ နေပြည်တော် အပါဆိုရင် အားလုံး (၃၆) မြို့နယ် ရှိတယ်။ တကယ်လို့ မြို့နယ် (၃၀) ကျော် ကျင်းပနိုင်မယ်ဆိုရင် (၃၀) စလုံး ယှဉ်ပြိုင်မယ်။ မကွေးတိုင်း ၁၀ မြို့နယ် ယှဉ်ပြိုင်မယ်။
သဘောက မြို့နယ်ပေါင်း ၁၆၅ မြို့နယ်အထိ ကျင်းပနိုင်မယ်ဆိုရင် (၁၆၅) မြို့နယ်စလုံး အကုန်ယှဉ်ပြိုင်မှာ။ တနင်္သာရီတိုင်းမှာလည်း တိုင်းရုံး ဖွင့်ထားပြီးသား မြိတ်မှာ ဖွင့်ထားတာ ရှိတယ်။ အဲ့တော့ မြို့နယ်ပေါင်း ၁၀၀ ကျော်လောက် ကျနော်တို့ ယှဉ်ပြိုင်သွားမှာပါ။
မေး ။ ။ ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ ၂၀၂၅ အလွန် မြန်မာ့ နိုင်ငံရေး အခင်းအကျင်းက ဘယ်လိုပုံစံ ဖြစ်လာနိုင်လဲ။
ဖြေ ။ ။ ကျနော်တို့ မြင်တာတော့ ညွှန့်ပေါင်းအစိုးရ ဖြစ်လာမယ်လို့ မြင်ပါတယ်၊ ညွှန့်ပေါင်းအစိုးရ ဖြစ်လာမယ်လို့ ခန့်မှန်းကြည့်တာပေါ့။ အခု သတင်းထွက်နေတာက ပြည်သူ့လွှတ်တော်ကို နိုင်သူအကုန်ယူစနစ်နဲ့ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောတယ်။ အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်ကျတော့ အချိုးကျ ကိုယ်စားပြု PR စနစ်နဲ့ လုပ်မယ်လို့ ပြောတယ်။
PR စနစ်နဲ့ လုပ်မယ်ဆိုရင် ပါတီတစ်ခုတည်းကနေ လုံးဝ နိုင်သွားတာမျိုးတော့ ဖြစ်မယ့်ပုံ မပေါက်ဘူး၊ ညွှန့်ပေါင်းလောက်ပဲ ဖြစ်လာမယ်။ အဲ့လို ညွှန့်ပေါင်း အစိုးရ ဖြစ်လာရင်တော့ တိုင်းပြည်အတွက် အများကြီး ကောင်းမယ်လို့ ယုံကြည်တယ်လေ။ ဒါ Check and Balance လည်း ရှိသွားတာပေါ့၊ တစ်ပါတီထဲကနေပြီးတော့ သူတို့ စိတ်ကြိုက် လုပ်သွားလို့ မရဘူး။
ဥပမာအားဖြင့် ၂၀၁၀ မှာ ပြည်ခိုင်ဖြိုးကလည်း အများကြီးနိုင်သွားတယ်။ ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းကပဲ သူ့စိတ်တိုင်းကျ လုပ်သွားနိုင်တယ်။ အလားတူပဲ ၂၀၁၅ မှာ NLD နိုင်သွားတယ်၊ NLD စိတ်တိုင်းကျ လုပ်သွားတယ်။ ၂၀၂၅ ကျတော့ ကျနော်တို့ ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ မထင်တော့ဘူး၊ ရွေးကောက်ပွဲ စနစ်ကလည်း ပြောင်းသွားပြီ ဆိုတော့လေ။
PR စနစ် ဖြစ်သွားတာဆိုတော့၊ PR ဆိုတာ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ ပုံစံလေ။ အဲ့တော့ တိုင်းရင်းသားတွေလည်း အားလုံး ပါလာမယ်၊ ပါတီငယ်လေးတွေလည်း ရသင့်သလောက် ရလာမယ်ဆိုတော့ အားလုံးက ပါဝင်လာကြမှာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေ တစ်ပါတီကနေ ကြီးစိုးပြီးတော့ ဖြစ်တဲ့ လွှတ်တော် မဟုတ်တော့ဘူးဆိုရင် အစိုးရ ဖွဲ့တဲ့ အချိန်မှာလည်း ညွှန့်ပေါင်းပဲ ဖြစ်လိမ့်မယ်လို့ အဲ့လိုပဲ မျှော်လင့်ထားပါတယ်။
မေး ။ ။ အခုကျင်းပခဲ့တဲ့ “ငြိမ်းချမ်းရေး စကားဝိုင်း”ဟာ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး သဘောတူညီမှုရအောင် ကြိုတင်ညှိနှိုင်းကြတဲ့ ဆွေးနွေးပွဲဖြစ်မလား။
ဖြေ ။ ။ အဲ့တာကတော့ ဟိုဟာနဲ့ တူတယ်၊ အခု ကျနော်တို့ ပါတီတွေနဲ့ NSPNC နဲ့ EAOs တွေနဲ့ ဆွေးနွေးတဲ့ဟာက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ဆွေးနွေးကြတာပေါ့။ ဆွေးနွေးကြတဲ့အခါမှာ ပြီးခဲ့တဲ့အထိတော့ အချက်ပေါင်း ပုဒ်မပေါင်း (၄၃) ချက် ကတော့ ပြင်ဆင်ဖို့ သဘောတူညီချက် ရထားတယ်။ ဒါလည်း EAOs တွေ သဘောတူထားတယ်၊ ပါတီတွေလည်း သဘောတူထားတယ်။
ဒါပေမယ့် ဒီဟာနဲ့လည်း မပြီးသေးပါဘူး၊ ဆက်ပြီးတော့ ဆွေးနွေးရမယ်။ နောက်တစ်ခါ ရွေးကောက်ပွဲပြီးလို့ လွှတ်တော် ပေါ်လာရင်လည်း ထပ်ပြီးတော့ ဆွေးနွေးရမယ်။ ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးရမယ့်ဟာ အများကြီး ရှိပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ပိုင်းကျရင် ၂၀၀၈ အခြေခံ ဥပဒေက ဖက်ဒရယ်ပုံစံ ဖြစ်လာအောင် ကျနော်တို့ တဖြည်းဖြည်းချင်း ပြုပြင်ပြီးတော့ လုပ်သွားရမယ့် အခြေအနေမှာ ရှိပါတယ်။
မေး ။ ။ ငြိမ်းချမ်းရေး စကားဝိုင်းကို သျှမ်းပြည်က EAOs ဖြစ်ဖြစ်၊ နိုင်ငံရေးအင်အားစုတွေဖြစ်ဖြစ် ဘယ်သူတွေ တက်ရောက်နေလဲ။
ဖြေ ။ ။ EAOs တွေက (၅) ဖွဲ့တက်တာ တွေ့တယ်၊ ကျနော်တို့ RCSS တက်တာ မတွေ့ဘူးဗျ။ နောက်ပိုင်းဆိုရင် ကျနော်တို့က NCA ထိုးတာ EAOs (၇) ဖွဲ့ ကျန်တယ်လေ၊ NCA ထိုးထားတဲ့ (၇) ဖွဲ့မှာ ခေါင်းဆောင်က RCSS ပဲ ဖြစ်တယ်လေ။ အဲ့တော့ နောက်ပိုင်းကျရင် မေတ္တာရပ်ခံ ချင်တာတော့ RCSS လည်း ကိုယ်စားလှယ်လွှတ်ပြီးတော့ လာတက်စေချင်တယ်။ ဒါမှ ဘာတွေဆွေးနွေးနေလဲ၊ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ သိမယ်လေ။ အဲ့လိုတော့ တက်ရောက်ဖို့ မေတ္တာရပ်ခံချင်တယ်။
ကျနော်မြင်တာတော့ သျှမ်း ကိုယ်စားလှယ်အနေနဲ့ တက်တယ်ဆိုရင် မိုးနဲက စိုင်းမျိုးသန့်ပဲ တွေ့တယ်၊ သျှမ်းနီဆိုရင် စိုင်းဌေးအောင် တွေ့တယ်၊ သျှမ်းဆိုရင် (၃) ယောက်ပဲ တွေ့တယ်၊ ကျနော်တို့က တော်တော် အားနည်းနေတယ် လူ (၁၂၀) မှာ သျှမ်းက (၃) ယောက်ပဲ ပါတာဆိုတော့။
နောက်ပိုင်းကျရင် ကျနော်တို့သျှမ်းတွေ ပြည်ထောင်စု အရေးအခင်းမှာ ပါဝင်ပြီးတော့ ဆွေးနွေးရမယ်၊ ဖြစ်ချင်တဲ့ ဆန္ဒတွေ လာပြီးတော့ ဆွေးနွေးပြီးတော့ ကိုယ့်ရဲ့ဆန္ဒကို ပြောပြဖို့ လိုတာပေါ့နော်။ ဒါမှ ထဲထဲဝင်ဝင် ပါဝင်ပြီးတော့ ပြည်ထောင်စုထဲမှာ ကျနော်တို့ ဖြစ်စေချင်တဲ့ပုံစံ ပေါ်လာမှာပေါ့။
မေး ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကျားဖြူပါတီ အပါအဝင် နိုင်ငံရေးပါတီ (၃) ခုကို တရုတ်နိုင်ငံက လေ့လာရေးခရီး ဖိတ်ကြားတဲ့အပေါ် သွားရောက်တာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ ။ ။ ပါတီ (၃) ခုပဲ ကျားဖြူပါတီရယ်၊ ဦးကိုကိုကြီးတို့ ပြည်သူ့ပါတီရယ်၊ ဦးခင်မောင်ရွှေတို့ NDF ပါတီရယ် သုံးခုပဲ။ ကျနော်တို့ ကျားဖြူပါတီက (၄) ယောက် ဖိတ်ခံရတယ်။ ပထမ ကျနော်တို့ (၄) ယောက် စာရင်းတင်တယ်၊ အဲ့ထဲကတစ်ယောက် သူ့အမေ နေမကောင်းလို့ဆို နောက်ကိုယ်စားလှယ် တစ်ယောက်ကို ပြောင်းဖို့ဆိုတာ သံရုံးကတော့ လက်ခံတယ်၊ UEC က လက်မခံဘူးဆိုတော့ ကျနော်တို့ ပါတီက (၃) ရောက်ပဲ သွားရတယ်လေ။ မတ်လ ၂၄ ရက်နေ့က သွားလိုက်ပြီ။
သူတို့ ဖိတ်တဲ့ဟာက တရုတ်ပြည်မှာ တချို့ပြည်နယ်မှာ ဆင်းရဲမှု လျော့ချရေးကို ဘယ်လိုလုပ်လို့ အောင်မြင်တယ် ဆိုတာကို မြန်မာနိုင်ငံက နိုင်ငံရေးပါတီကို ဖိတ်ကြားပြီးတော့ သွားလေ့လာစေချင်တာပေါ့။ နောင်ဆိုရင် ကျနော်တို့လည်း သွားလေ့လာပြီးတော့ အတွေ့အကြုံတွေ ရလာတဲ့အခါမှာ ရွေးကောက်ပွဲ ပြီးလို့ အစိုးရ ဖြစ်လာမယ်၊ ပြည်ထောင်စု အစိုးရထဲမှာလည်း ပါမယ် သျှမ်းပြည်အစိုးရထဲမှာလည်း ဖြစ်လာမယ်ဆိုရင် ကိုယ့်ကျေးလက်ဒေသမှာ ဆင်းရဲမှုလျော့ချရေး ဘယ်လိုလုပ်ရမလဲဆိုတာ နည်းလမ်းတွေလည်း ရလာမယ်ပေါ့။
အဲ့လိုအတွေ့အကြုံ ရလာအောင် ကျားဖြူပါတီက ဒုက္ကဋ္ဌ ဒေါက်တာ စိုင်းကျော်အုန်း ပါတယ်၊ ကျိုင်းတုံက ဒေါက်တာစိုင်းယွက်ဟောင် ပါတယ်၊ ညောင်ရွှေက စဝ်သာဦး ပါတယ်၊ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်က (၃) ယောက် သွားလေ့လာဖို့ လွှတ်လိုက်တယ်။
မေး ။ ။ ငြိမ်းချမ်းရေး စကားဝိုင်းနဲ့ ပတ်သက်ပြီး မမေးမိတာ၊ အခြားဖြည့်စွက်ချင်တာ ရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ နောက်ပိုင်း ရွေးကောက်ပွဲပြီးသွားရင် ရွေးကောက်ပွဲအလွန်ပေါ့ ၂၀၂၅ အလွန်မှာ ကျနော်တို့ ပြည်ထောင်စုအတွက် တိုင်းပြည်အတွက် တိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ။ ကျနော်တို့က ဒီလိုပဲ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေရင် တိုင်းပြည်အတွက် မကောင်းဘူး။
သျှမ်းမြောက်လည်း သိတဲ့အတိုင်းပဲ၊ သျှမ်းတစ်ယောက် အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အောက်မှာ နေရတာ ဘယ်လောက် ဒုက္ခရောက်လဲ။ မြောက်ပိုင်းက သျှမ်းပြည်သူလူထုတွေ တောင်ပိုင်းကို ပြောင်းသွားရတယ်၊ မန္တလေး ပြောင်းရတယ်၊ စစ်ရှောင်ရတယ် အများကြီးပဲ ရန်ကုန်လည်း ရောက်လာတာပဲ။
အဲ့ဒီ မြောက်ပိုင်းက စစ်ရှောင်တွေကိုလည်း တောင်ပိုင်းက တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်း၊ နမ့်စန်၊ လဲချားသို့ ရောက်တဲ့ စစ်ဘေးရှောင်တွေကိုလည်း စာရင်းကောက်ပြီး ပံ့ပိုးငွေတွေ ထောက်ပံ့နိုင်အောင် လုပ်ဆောင်ပေးပါလို့ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ကို မေတ္တာရပ်ခံလိုက်တယ်လေ။
အထူးသဖြင့် သျှမ်းပြည်မြောက်ပိုင်းက သျှမ်းလူဦးရေ အများဆုံးဗျ၊ သျှမ်းမြောက်က လူဦးရေက သျှမ်းတောင်ထက် ပိုများတယ်။ ကျနော်ခန့်မှန်းကြည့်တာ လူဦးရေ (၂) သန်းကျော် ရှိတယ်၊ အဲ့ဒီမှာ သျှမ်းက (၁) သန်းကျော်လောက် ရှိတယ်။ ဒါပေမယ့် သျှမ်းက အများဆုံး ဖြစ်ပြီးတော့ အခံရဆုံး လူမျိုး ဖြစ်နေတယ် အဲ့ဒီ သျှမ်းမြောက်မှာလေ။ ဒုက္ခဆင်းရဲ အခံရဆုံးလူမျိုး၊ စစ်ဘေးရှောင် အများဆုံးလူမျိုး ဖြစ်နေတယ်။
အဲ့တော့ ကျနော်တို့က ဒီလိုသာ ဖြစ်နေရင် ပြည်သူလူထုတွေ အရမ်းဒုက္ခရောက်တယ်၊ ကျနော်က အဲ့တာကြောင့် ငြိမ်းချမ်းရေး ရစေချင်တယ်။ လူငယ်တွေ ပညာရေးကျောင်းလည်း မတက်ရဘူးလေ ဆင်းရဲဒုက္ခရောက်နေတယ်၊ စားဝတ်နေရေးလည်း ခက်ခဲနေတယ်။ နောက်တခါ ကျနော်တို့ ကြားရတာတော့ စစ်သားစုဆောင်းရေးလည်း လုပ်နေတယ်ဆိုတော့ အများကြီး ဒုက္ခရောက်တယ်။ အဲ့တာ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးရအောင် လုပ်ရမယ်။ မငြိမ်းချမ်းရင် ပြည်သူလူထု အရမ်းဒုက္ခရောက်တယ်။
မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ ။ ။ ကောင်းပါတယ်။












Leave a Comments