ရင်တထိတ်ထိတ် … တပေါင်းပွဲ

သံရှည်ဆွဲကာ ဆွဲဆွဲငင်ငင် ဆိုလိုက်တဲ့ အသံ ဟာ အေးစိမ့်လှတဲ့ လေထုကို ဖြိုခွင်းပြီး တပေါင်းပွဲခင်း ကွင်းပြင်ဆီကနေ ပျံ့လွှင့်လာတာ ဖြစ်ပါတယ်။

မနက် ၄ နာရီ အချိန် သျှမ်းဇာတ်ပွဲကနေ သျှမ်းဘာသာစကားနဲ့ အပိတ် နှုတ်ဆက် အက ဟာ စောင့်ခြုံ ကွေးနေကြတဲ့ ဈေးသည်တွေကို လှုပ်နှိုးလိုက်သလို တပေါင်းပွဲခင်းကြီးကိုလည်း ဈေးသည်တွေနဲ့အတူ နိုးထလာပါတယ်။

ဘောလုံးကွင်း တစ်ကွင်းစာ နီးပါးရှိတဲ့ တပေါင်းကွင်း ထဲမှာ တခဏလေးအတွင်း ဇာတ်စင် အရှေ့ တပြင်လုံး အသီးအရွက်သည်တွေ ပြည့်သွားခဲ့ပြီ။ ကောက်ညှင်းလုံးသည် … ထိုဖူးနွေးသည် … သျှမ်းခေါက်ဆွဲသည် … အမဲလုံးသည် … ကောက်ညှင်းပေါင်းသည် …တို့ကလည်း အငွေ့တထောင်းထောင်း ထနေတဲ့ အိုးကြီးအိုးငယ်များနဲ့ ဇာတ်ပွဲကြည့်အပြန် ပွဲလာသူတွေကို ရောင်းဖို့ အဆင်သင့် ဖြစ်နေကြပါတယ်။

ဒါ့အပြင် မနက်စောစော ဘုရားဆွမ်းတော် လာကပ်လှူတဲ့ သူတွေကလည်း အသီးသီး ဘုရားရှိခိုးပြီးတာနဲ့ တပေါင်းကွင်းထဲကို ဝင်ကာ မနက်စာစား၊ ဈေးဝယ်ခြင်း အလုပ်ကို စတင်ပြီး မနက် ၅ နာရီ မှ ည ၁၁ နာရီ အထိ တပေါင်းကွင်းဟာ လှုပ်ရှားလျှက်ပါ။

ဒေသခံအများစုဟာ တပေါင်းပွဲကိုသာ အားထားကာ ဈေးရောင်းဈေးဝယ် ပျော်ပွဲရွှင်ပွဲနဲ့ သျှမ်းရိုးရာ ဓလေ့ ပွဲတစ်ခုကို ကျင်းပကြတာ ဖြစ်လို့ တပေါင်းပွဲသည် တစ်နှစ်လုံး မှာ အစည်ကားဆုံး ဖြစ်ပါတယ်။

သိန္နီ တပေါင်းပွဲ

နှစ်စဉ် တပေါင်းပွဲကို တပေါင်းလပြည့် မတိုင်ခင်နဲ့ လပြည့်ကျော် ၁ ရက်နေ့ အထိ ပြုလုပ်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း ၅ ရက် ကြာပါတယ်။

မြို့ပတ်လည်မှာ ရှိတဲ့ ရွာအသီးသီးက ကျောင်းတိုက်များမှ ဗုဒ္ဓဆင်းတုတော် တွေကို လှည့်လည်ပူဇော်တာ ဖြစ်ပါတယ်။ ပွဲရဲ့ ပထမဆုံးရက်မှာ ဆင်းတုတော်တွေကို ပင့်ဆောင်တဲ့ နေ့အဖြစ် သတ်မှတ်ပါတယ်။

ယခင် စော်ဘွားလက်ထက်မှာတော့ ဘုရားဆင်းတုတော်များ ပင့်ဆောင်တဲ့နေ့မှာ စော်ဘွားမင်းဟာ သစ်လွင်တဲ့ မင်းတန်ဆာများကို ဝတ်ဆင်ကာ မကိုဋ်ကိုချွတ်၊ ပေါက်ပေါက်များ၊ ပန်းနံ့သာများ ထည့်ထားသော ဒေါင်းပေါင် အုပ်ကို ကိုင်စွဲကာ ဖိနပ်ခြေနင်း မစီးပဲ အခြံအရံများနဲ့ သိန္နီမြို့ဦးတံခါးကနေ ကြိုဆိုပူဇော်ခဲ့တာလို့ သိရပါတယ်။

ရွာအသီးသီး ဒေသခံများက တစ်ရွာဝင် တစ်ရွာထွက် ပင့်ဆောင်လာတဲ့ ဘုရားဆင်းတုတော်များ နောက်မှ ဖဝါးထပ်ချပ်မကွာ လိုက်လာကြပြီး … ဒေသခံမြို့ကလည်း အတီးအဝိုင်းများဖြင့် ကြိုဆိုကြတဲ့အတွက် အလွန် စည်ကားပါတယ်။

ဒီရက်ကတော့ တပေါင်းပွဲကြီး ရောက်ရှိလာပါပြီ။

နှစ်ပေါင်း ၁၅၀ ကျော်ကြာ ကျင်းပခဲ့တဲ့ တပေါင်းပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရာမှ ၂၀၂၂ ခုနှစ်မှာ ပွဲတော်ကို ပြန်လည်ပြုလုပ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် “၁၀၂၇ စစ်ဆင်ရေး”မှာတော့ တစ်နှစ်ရပ်နားလုနီးပါး ဖြစ်ခဲ့ပြီး (လောင်းကစား ဝိုင်းများသာ) နောက်မှာတော့ ၂၀၂၅ ခုနှစ် တပေါင်းပွဲတော်ကို MNDAA တို့ရဲ့ ဦးဆောင်မှုနဲ့ စော်ဘွားနန်းစိုက်ရာ ဖြစ်ခဲ့တဲ့ သိန္နီမြို့မှာ ပြန်လည်ကျင်းပနေပါတယ်။ ဒီနှစ်တပေါင်းပွဲမှာလည်း လောင်းကစားဝိုင်းတွေ ခြိမ့်ခြိမ့်သဲ ထည့်သွင်းထားတာကို တွေ့ရပြီး လူတွေလည်း ကြိတ်ကြိတ်တိုးပါပဲ။

သိန္နီတပေါင်းပွဲထဲက လောင်းကစား

“ဒီလောက်ကြီးတဲ့ ပွဲကို လုပ်ပိုင်ခွင့် ပေးထားတာ … ဘာမှ မဖြစ်လို့ ပေးထားနိုင်တာပေါ့။ တကယ်လို့ တိုက်ခိုက်တာတွေ ရှိရင်တော့ ပွဲကို မလုပ်လောက်ဘူး ထင်တာပဲ၊ မပြောတတ်ဘူး။ အရင်ကတော့ တပေါင်းပွဲမှာ ဈေးရောင်းပေမယ့် ဒီနှစ်ကတော့ မရောင်းတော့ဘူး၊ သွားလည်း မသွားဘူး။ လေယာဉ်တွေက ပြောမရဘူး၊ ပွဲခင်းကြီးထဲမှာ ဗုံးတွေချရင် ဘယ်လို လုပ်မလဲ”လို့ အသက် ၅၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

သိန္နီတပေါင်းပွဲ ပုံရိပ်

သိန္နီမြို့နယ်ဟာ လက်ရှိမှာ ကိုးကန့်တပ်များက သိမ်းပိုက်ထားတဲ့ မြို့တစ်မြို့ အဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ လ မတိုင်ခင်အထိ စစ်ကောင်စီတပ်က လေကြောင်းကနေ သိန္နီမြို့ကို အချိန်မရွေး ဗုံးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ အမြောက်အများ သေဆုံးခဲ့ရသလို အိမ်ခြေတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံမယ့် ကူမင်းဆွေးနွေးပွဲ မစခင်ကတည်းက တရုတ်နှစ်သစ်ကူးပွဲ ကျင်းပရန်အတွက် ကိုးကန့်တပ်ဖွဲ့တွေဟာ မြို့အတွင်း လောင်းကစားဝိုင်းများ၊ KTV များကို ဖွင့်လှစ်ထားပြီး အခွန်ပေးဆောင်စေကာ လုပ်ကိုင်ခွင့် ပေးထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီ တပ်တို့ ကြား တရားဝင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီး ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်အသက်ဝင်ခဲ့ပြီးနောက် စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက် တာမျိုး မရှိတော့တာကိုလည်း တွေ့ရပါတယ်။

လားရှိုးမြို့တွင်းမှာလည်း တရုတ်နှစ်သစ်ကူးပွဲ အတွက် ကျင်းပတာတွေကြောင့် စည်းကားနေတယ်လို့ လားရှိုးဒေသခံတွေ ကနေတဆင့် သိရပါတယ်။ ထိုသို့သော ငြိမ်းချမ်းမှု တွေကြောင့် ကိုးကန့်တပ်မတော်ဟာ ဒီအပစ်အခတ်ရပ်စဲရေး သဘောတူချက်ကို ယုံကြည်ကိုးစားကာ ဒေသခံများရဲ့ ဓလေ့ ရိုးရာပွဲကို ကျင်းပဖို့ရာအတွက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

လားရှိုးမြို့ တရုတ်နှစ်သစ်ကူးကျင်းပ

လက်ရှိမှာတော့ ကိုးကန့်တပ်က သိမ်းပိုက်ထားသည့် မြို့များကို အထူးအုပ်ချုပ်ရေးဖြင့် ပြန်လည် ထူထောင်ရေး ယန္တရားကို လည်ပတ်လုပ်ဆောင်လျှက် ရှိပါတယ်။

“ငါတို့ လူထုက ဘာလုပ်နိုင်မှာလဲ … ထမင်းစားဖို့ ရှိသေးတယ်လေ … ရောင်းဆိုလည်း ရောင်းတာပ၊ ပစ်ချလို့ သေရင်လည်း သေတာပ။ သတ္တဝါတစ်ခု ကံတစ်ခု ပဲ၊ လောလောဆယ် အသက်ရှင်ဖို့ ထမင်းစားရမယ်ဟ”လို့ နှစ်စဉ် တပေါင်းကွင်းအတွင်း အစားအသောက် ဈေးရောင်းချသည့် အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တရားဝင် အပြန်အလှန် အပစ်ရပ်ဖို့ကို တရုတ်ဘက်က ထုတ်ပြန်ပြောဆိုထားခဲ့ပေမယ့် ကာယကံရှင် နှစ်ဘက်တပ်များအကြား တရားဝင် ထုတ်ပြန်တာမျိုး မရှိဘဲ တရုတ်နှစ်သစ်ကူးနေ့က နှစ်ဘက် ‌ခေါင်းဆောင်တွေ မိန့်ခွန်းပြောဆိုမှုကနေ တဆင့် ခေတ္တ ငြိမ်းချမ်းနေခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇွန်လမှာ ကိုးကန့်တပ်က လားရှိုးကနေ တရားဝင် ဆုတ်ခွာပေးပြီး သိန္နီမြို့ အပါအဝင် ခရိုင်လေးခုကို အုပ်ချုပ်ခွင့်ရမယ် ဆိုတဲ့ ကိုးကန့်အရာရှိတစ်ဦး ပြောကြားထားတဲ့ ရုပ်သံကြောင့်လည်း ဒေသခံများအကြား လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ရပါတယ်။

မကြာ‌သေးခင်က TNLA နဲ့ စစ်ကောင်စီတပ်တို့ အကြား အပြန်အလှန် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ စစ်ကောင်စီဘက်မှ လေကြောင်းကနေတဆင့် အဆက်မပြတ် တိုက်ခိုက်တာတွေကြောင့် နောင်ချို၊ သီပေါ၊ ကျောက်မဲ စတဲ့ ဒေသများမှ အပြစ်မဲ့ ပြည်သူ အများအပြား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ကရင်ပြည်နယ် အတွင်းမှာလည်း ပြီးခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့ ကျင်းပတဲ့ အခမ်းအနားတွေကို စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

“မယုံရပါဘူး၊ ကြည့်နေ ကြည့်စား ကြည့်သွားပေါ့။ ဒီရက်တော့ ကောင်းကင်မှာ လေယာဉ်သံတွေ ကြားနေရတာပဲ၊ ရင်တထိတ်ထိတ်နဲ့ ဈေးရောင်းရမှာပေါ့။ ငါတို့က တစ်သက်လုံး ဈေး‌ရောင်းလာတာပဲ၊ သူတို့ကိုလည်း ဘာမှ လုပ်တာ မဟုတ်ဘူး”လို့ အသက် ၆၀ အရွယ် အသီးအနှံ ဟင်းရွက်များကို ရောင်းချတဲ့ ဒေသခံအမျိုးသမီးကြီးက စိတ်အားငယ်စွာနဲ့ ဆိုရှာပါတယ်။

နန်းလောဝ် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သိန္နီမြို့ လမ်းမကြီးဘေးရှိ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များ လုယက်ဝယ်ယူနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ လမ်းမကြီးဘေးတစ်လျှောက်ရှိ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များက ဈေးကြီးပေး၍ လုယက်ဝယ်ယူလာနေကြောင်း ဒေသခံများထံမှ သိရသည်။ သိန္နီတံတားကြီးအနီးနှင့် လမ်းမကြီး၏ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းရှိ လယ်ကွက်များကို တရုတ်ရင်းနှီးမြှုပ်နှံသူများက အဓိကပစ်မှတ်ထား၍ ဝယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ လက်ရှိ ဒေသတွင်းကာလပေါက်ဈေးအရ လမ်းမကြီးဘေးရှိ လယ်မြေတစ်ဧကလျှင် မြန်မာကျပ်ငွေ သိန်း...