သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားရပ်ကွက်ရှိ နေအိမ်ထဲသို့ ဝင်ခိုးရန် ကြိုးစားခဲ့သည့် အမျိုးသားသည် နေအိမ်အပြင်ဘက်မှ လှေကားထောင်တက်ရင်း ပြုတ်ကျကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် နံနက်အစောပိုင်းတွင် မူဆယ်မြို့ ဟိုနားရပ်ကွက်ရှိ နေအိမ်တစ်လုံးထဲ မီတာဘောက် ဝင်ရောက်ခိုးယူရန် ကြိုးစားခဲ့သည့် အမျိုးသားတစ်ဦးသည် လှေကားထောင်တက်ရင်း ပြုတ်ကျကာ သေဆုံးသွားကြောင်း မူဆယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဟိုနားရပ်ကွက်မှာ ဖြစ်သွားတယ်။ အိမ်ကို တက်ပြီးခိုးဖို့ လှေကားတက်ရင်း ပြုတ်ကျ သေသွားတဲ့ပုံပါ။ အလောင်းကိုတော့ လူမှုကူညီရေးအသင်းက လာယူသွားတယ်။ သေသွားတဲ့ သူခိုးက သူများအိမ်ကို မကြာခဏ ဝင်ခိုးတတ်တယ်။ လမ်းဘေးမှာဆိုလည်း ပိုက်ဆံတွေ လိုက်တောင်းတယ်။ ဆေးသမားလည်း ဟုတ်လောက်တယ်”ဟု ၎င်းဒေသခံ အမျိုးသမီးက ပြောသည်။

သေဆုံးသွားသည့် အမျိုးသားအလောင်းကို မူဆယ်မြို့ လက်ဖက်ညွှန့် လူမှုကူညီရေးအသင်းနှင့် မြင့်မြတ်ပါရမီအသင်းတို့က သွားရောက်ကူညီ ဆောင်ရွက်ပေးကြောင်း မူဆယ်ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၇) ရက် ညပိုင်း ၉ နာရီဝန်းကျင်တွင် မြို့အတွင်းရှိ စွမ်စော်ရပ်ကွက် ဖုန်းဆိုင်တစ်ဆိုင်ကို အမည်မသိ လက်နက်ကိုင် ၅ ဦးမှ သေနတ်ကိုင်ဆောင်ထားပြီး ဆိုင်အတွင်းရှိ ဖုန်းနှင့် ပိုက်ဆံတို့ကို လုယက်ယူဆောင်သွားကြောင်း သိရသည်။

မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေသော်လည်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် ငွေလဲလှယ်သူများ၊ ဆိုင်ကြီးဖွင့်ထားသူ အနေဖြင့် သူခိုး ဓားပြ အန္တရာယ်ကိုလည်း သတိထားရမည်ဖြစ်ကြောင်း မူဆယ်ဒေသခံ များက ပြောဆိုသည်။











Leave a Comments