Tuesday, January 27, 2026

လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စု FPNCC မဟာမိတ် (၃) ပွင့်ဆိုင် နယ်မြေစိုးမိုးမှုပြဿနာ

သျှမ်းပြည် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စုတွင် FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် များဖြစ်သည့် UWSA ၊ KIA နှင့် TNLA တို့အချင်းချင်းကြား နယ်မြေကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားနေကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ ရုံးဆောက်လုပ်ရန် စတင်လုပ်ဆောင်နေစဉ် ‘ဝ’တပ်ဖွဲ့ UWSA တပ်သားများ လာရောက်ကန့်ကွက် တားမြစ်ခဲ့ရာမှ ရွာသားနှင့် လူငယ်များက UWSA ကို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရွာသားတွေ ထိန်းသိမ်းထားတဲ့ သစ်တောကြိုးဝိုင်းတွေ၊ ရေထွက်နေရာက သစ်ပင်ကြီးတွေကို ‘ဝ’စစ်သားတွေက ခုတ်ပစ်တာမျိုးတွေ ဖြစ်တယ်။ KIA ကလည်း သူ့ရဲ့ တပ်ရင်း ၂ ခုကို ပန်ရှော်မှာ ပြန်အခြေစိုက်ဖို့ လုပ်တယ်။ အဲ့လိုကနေ KIA ရောက်လာရင် ပြဿနာရှိတော့မယ်ဆိုပြီး UWSA ဘက်က တားတာ။ ဒါကြောင့် ကချင်လူငယ်နဲ့ ဒေသခံတွေ ‘ဝ’စစ်သား အလိုမရှိဆိုပြီး ဆန္ဒပြကြတာ”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ လားရှိုးမြို့နယ်တွင် FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ်အချင်းချင်း နယ်မြေစိုးမိုးရေး ပြဿနာနှင့် ပတ်သက်၍ ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့ရာ အထက်သို့ တင်ပြလိုက်ပါဦးမည်ဟုသာ ပြန်လည်ဖြေကြားထားသည်။

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းပြီးနောက် TNLA ထိန်းချုပ်ထားနိုင်သည့် လားရှိုးမြို့နယ် မိုင်းကျက်ဒေသဘက်သို့ ‘ဝ’တပ်ဖွဲ့ UWSA မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး မိုင်းကျက်ရွာနှင့် ၁၅ မိုင်ခန့် ကွာဝေးသည့် ပန်ရှော်ကျေးရွာအုပ်စုအထိ ‘ဝ’တပ်သားများ ရောက်ရှိလာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာ ဒေသခံများမှ UWSA ကို ဆန္ဒပြနေချိန် TNLA တပ်သားများ ရောက်ရှိလာပြီး အငြင်းပွားမှု ဖြစ်နေစဉ်

၎င်းနောက် UWSA ‘ဝ’တပ်သားများမှ ပန်ရှော်ကျေးရွာအုပ်စုရှိ ဒေသခံများ ထိန်းသိမ်းထားသော သစ်တောကြိုးဝိုင်းများနှင့် ရေထွက်ဧရိယာရှိ သစ်ပင်ကြီးများကိုပါ ခုတ်ထွင်ရှင်းလင်း ခဲ့ခြင်းကြောင့် လူငယ်နှင့် ကျောင်းသား/သူများ အပါအဝင် ဒေသခံ (၂၀၀) ကျော်က “ကျေးရွာပိုင် ဟောခန်းများ၊ သာသနာ့နယ်မြေများ၌ လာရောက်စခန်းချ နေထိုင်မှု အလိုမရှိ”၊ “UWSA မှ ကျေးရွာကြိုးဝိုင်း ဖြုန်းတီးမှုကို အလိုမရှိ”၊ “ကျေးရွာအတွင်း ဝါးတားဂိတ် ပြုလုပ်ခြင်းကို အလိုမရှိ” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ UWSA ကို ဆန္ဒပြခဲ့ကြသည်။

“အရင်ကတည်းက KIA ကတော့ နှစ်ဆယ်ချီ နေခဲ့တာ။ အရင် ငြိမ်းချမ်းရေးခေတ်က စစ်တပ်နဲ့ KIA လည်း ပစ်ခတ်ကြတာ မရှိဘူးလေ၊ ဒီအတိုင်းပဲ နေလာတာ။ ၁၀၂၇ စစ်ဆင်ရေး ဖြစ်တော့ မိုင်းကျက်စခန်း ကျပြီဆိုတာနဲ့ ပန်ရှော်က စစ်သားတွေလည်း လားရှိုးဘက် တပ်ဆုတ်သွားတယ်။ ‘ဝ’နဲ့ ပလောင်ကလည်း အဲ့နားမှာ ရှိနေတော့ အတူတူ ရောက်လာတဲ့ပုံစံပဲ”ဟု ၎င်းလားရှိုးဒေသခံ အမျိုးသားက ဆက်ပြောသည်။

ပုံစာ – လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာ ဒေသခံများမှ UWSA ကို ဆန္ဒပြနေချိန် TNLA တပ်သားများ ရောက်ရှိလာပြီး အငြင်းပွားမှု ဖြစ်နေစဉ်

အလားတူ ပန်ရှော်ရွာသားများမှ UWSA ကို ဆန္ဒပြနေစဉ် TNLA တပ်သားများလည်း ကားများဖြင့် ရောက်ရှိလာပြီး ဆန္ဒပြပြည်သူများနှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့ရာ မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“အရင်တုန်းက နယ်မြေလုတဲ့အထဲ ‘ဝ’ကို ဒီလိုမတွေ့ဖူးဘူး။ ကချင်နဲ့ ပလောင်၊ ပလောင်နဲ့ ကိုးကန့်၊ ကိုးကန့်နဲ့ ကချင် အဲ့လိုဖြစ်နေတာက အခု ‘ဝ’ပါ ပါလာတဲ့သဘော။ ဒီဟာက တိုင်းရင်းသားတွေအတွက် ရုပ်ဆိုးအကျည်းတန်စေတာပေါ့။ တော်လှန်ရေး အကြောင်းပြပြီး နယ်မြေချဲ့တာလို့ ဒေသခံတွေ မြင်ကြတာမျိုး ဖြစ်သွားတာပေါ့”ဟု လားရှိုးမြို့နယ်မှ စစ်ရေးလေ့လာသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် မိုင်းယော်ကျေးရွာအုပ်စုနှင့် TNLA ထိန်းချုပ်ခဲ့သည့် မိုင်းကျက်ကျေးရွာအကြားရှိ ပန်ရှောင်ကျေးရွာအုပ်စုတွင် ကချင်လွတ်လပ်ရေးတပ် KIA တပ်မဟာ (၁၀) မှ တပ်ရင်း (၂) ခု အနည်းဆုံး အခြေစိုက်ထားပြီး UWSA မှ တပ်ရင်း (၃) ရင်းနှင့် TNLA တပ်ဖွဲ့ဝင်များလည်း ပတ်ပတ်လည်တွင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နှစ် ၂၀၂၄ ဇွန်လအတွင်းကလည်း လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာတွင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဖွင့်လှစ်ရန် ကျောင်းကော်မတီနှင့် ရပ်မိရပ်ဖများ အစည်းအဝေး ပြုလုပ်နေချိန် TNLA တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ရွာသူကြီးကို ဖမ်းဆီးကာ မိုင်းကျက်ရှိ TNLA တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“လူထုကို ပြောနေကြသလို ဖက်ဒရယ်ရရှိရေး ဒီမိုကရေစီရရှိရေးဆိုတာ တကယ်မဟုတ်တော့ဘူးပေါ့။ ကြည့်ရသလောက် နယ်မြေချဲ့ထွင်ရေးပဲ ဖြစ်လာတယ်။ ‘ဝ’ဆိုရင်လည်း စစ်ပွဲထဲတော့ တိုက်ရိုက်မပါဘူး၊ ဒါပေမယ့် ပလောင်နဲ့ ကိုးကန့် ပြဿနာဖြစ်တဲ့ နေရာတိုင်းကို ကြားထဲက လက်ဝင်လျှိုပြီး လုပ်ယူနေတာမျိုး တွေ့ရတယ်”ဟု ၎င်းစစ်ရေးလေ့လာသူက သုံးသပ်ပြောဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှု ဖြစ်နေသည့်အပေါ် စစ်အင်အား လက်နက်အင်အားဖြင့် နယ်မြေစိုးမိုးမှု ရယူတာ၊ နယ်မြေလုတာက ဒေသနေ ပြည်သူများအကြား ပြဿနာဖြစ်စေခြင်းကြောင့် လက်ရှိအချိန် အတူနေ လက်နက်ကိုင်တပ်များအကြား အချင်းချင်း လေးစားပြီး အဓိက ရန်သူကို အတူလက်တွဲ တိုက်ခိုက်ကြရန် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျရောက်သည့် ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...

လားရှိုးမြို့နယ် MNDAA မှ ကျေးရွာတိုင်းနီးပါး တပ်သားသစ် အတင်းအကြပ် စုဆောင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီထံ ဧပြီလအတွင်း ပြန်လည်အပ်နှံရပြီးနောက် လားရှိုးမြို့ပြင်ရှိ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း...

လားရှိုး တိုက်ပွဲအတွင်း MNDAA တပ်သား ၈ ဦးကျဆုံးဟု SSPP ပြော၊ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့

0
သျှမ်းပြည် လားရှိုးမြို့နယ်တွင် SSPP/SSA နှင့် MNDAA တို့အကြား တစ်ရက်တည်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး MNDAA တပ်သား ၈ ဦး ကျဆုံးကြောင်း SSPP ဘက်မှ ထုတ်ပြန်ခဲ့သည်။ ယမန်နေ့ (ဇွန်လ ၁ ရက်) နေ့လယ် ၂ နာရီကျော်မှ စတင်ပြီး...

တရုတ်စီစဉ်မှုဖြင့် စစ်ကောင်စီကိုယ်စားလှယ် သင်္ကြန်မတိုင်မီ UWSA ထိန်းချုပ် ပန်ဆန်းမြို့ သွားရောက်ရန်ရှိ

0
သျှမ်းပြည် ‘ဝ’ဒေသအတွင်း UWSA ထိန်းချုပ် ပန်ဆန်းမြို့သို့ တရုတ်နိုင်ငံ၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များ သင်္ကြန်မတိုင်မီ သွားရောက်တွေ့ဆုံရန် ရှိနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၃ ရက်တွင် စတင်မည့် သင်္ကြန်ကာလ မတိုင်မီတွင် UWSA ထိန်းချုပ် ‘ဝ’ဒေသ ပန်ဆန်းမြို့သို့ တရုတ်အာဏာပိုင်များ၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များ...