သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် နမ့်ပေါင်ချောင်းရေ မြင့်တက်ကာ ကမ်းပါးကျော်၍ လယ်ကွက်များ၊ လမ်းများနှင့် ချောင်းနံဘေးရှိ နေအိမ်အချို့ရေနစ်မြုပ်ခဲ့ကြောင်း နမ့်ပေါင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တောင်ကျရေနဲ့ ချောင်းရေတွေ စီးဆင်းလာပြီး နမ့်ပေါင်ချောင်းထဲ ဝင်လာတာကြောင့် ရေက ကမ်းပါးကျော်ပြီး လယ်ကွက်တွေ၊ လူနေအိမ်တွေနဲ့ လမ်းတွေကို ရေမြုပ်သွားခဲ့တာ။ နမ့်ပေါင်ကနေ လားရှိုးဘက်သွားတဲ့ လမ်းမကြီးလည်း ရေကြီးနေတယ်။ ဒီလိုမျိုးတွေက ဖြစ်လေ့မရှိဘူး” ဟု နမ့်ပေါင်ဒေသခံတဦးက ပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် နမ့်ပေါင်ဒေသအတွင်း ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာမြေများနှင့် စိုက်ပျိုးရေးခြံများ၏ အခြေအနေကို လက်ရှိတွင် စာရင်းအတိအကျ ရယူရန် ခက်ခဲနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်အတွင်းကလည်း လားရှိုးမြို့ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၇) နှင့် လားရှိုးဈေးကြီးအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ မိုးတွင်းကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်အချို့အပြင် သျှမ်းပြည်အရှေ့ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်းတို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။












Leave a Comments