Tuesday, January 27, 2026

Facebook Platform မှာ ပေါ်လစီပြောင်းလဲမှုအပြီး ပြန်လည်ခြေချရန် ကြိုးပမ်းနေသည့် စစ်လော်ဘီများနှင့် သတင်းတု၊ သတင်းမှားအန္တရာယ်

Facebook ပေါ်လစီအပြောင်းအလဲအား ကြေညာပြီးသည့်နောက် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ် နေသည့် ဝါဒဖြန့် ချန်နယ်အကောင့်များသည် Facebook Platform ပေါ်သို့ ပြန်လည်ခြေချ၍ သတင်းမှား ဖြန့်ချိမှုများ စတင် ပြုလုပ်နေကြောင်း တွေ့ရသည်။ 

သတင်းမှားဖြန့်ချိကြောင်း နာမည်ကြီးသည့် Bad Actor Influncer အကောင့်များ ဖြစ်သည့် ကျော်စွာနှင့် ကိုသက်တို့သည် Facebook Platform သို့ ပြန်လည်ခြေချ၍ သတင်းမှားဖြန့်ချိမှုများ စတင်ပြုလုပ်လာသည်။

Meta ၏ အွန်လိုင်းလူမှုကွန်ရက် ပလက်ဖောင်းများပေါ်တွင် ရှိသော Fact-Checker အချက်အလက် စစ်ဆေးသူ အစီအစဉ်များအား ဖယ်ရှားပြီး Community Notes ဖြင့် အစားထိုးသုံးသွားမည်ဟု Mark Zuckerbery က ကြေညာခဲ့ပြီးနောက် စစ်လော်ဘီများက Facebook Platform ပေါ်သို့ ပြန်လည်ခြေချရန် ကြိုးပမ်းလာနေခြင်း ဖြစ်သည်။

Facebook Platform၏ ပေါ်လစီအရ သတင်းမှား ဖြန့်ချိသူများအဖြစ် ကျော်ကြားသည့် စစ်ကောင်စီလော်ဘီ အကောင့်များ၊ အာဏာသိမ်းစစ်တပ်၏ ဝါဒဖြန့်အကောင့်များသည် ၂၀၁၈ ခုနှစ်မှစ၍ ဖယ်ရှားခံရပြီး Facebook Platform ပေါ်တွင် ရပ်တည်ခွင့်မရခဲ့ပါ။ 

သို့သော် ပေါ်လစီအပြောင်းအလဲကြောင့် ယခုအခါ Facebook Platform ပေါ်သို့ ပြန်လည်အခြေချရန် ကြိုးစားလာနေပြီ  ဖြစ်သည်။ 

လက်ရှိ Facebook Platform  ပေါ်လစီပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့်အခြေအနေ၊ Facebook Platform ပေါ်သို့ ပြန်လည်ခြေချရန် ကြိုးပမ်းနေသည့် စစ်လော်ဘီများအကြောင်းနှင့် သတင်းတု၊ သတင်းမှား အန္တရာယ် အကြောင်းကို သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသူ ဟယ်ရီလင်းမှ The Red Flag ကို မေးမြန်းထားသည်။ 

မေး ။     ။ ပထမဆုံးအနေနဲ့ Facebook Platform ပေါ်က Fact-checkers အချက်အလက်စစ်ဆေးတဲ့ သူတွေကို ဖယ်ရှားမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ 

ဖြေ ။    ။ အချက်အလက်စစ်ဆေးတဲ့အဖွဲ့တွေ၊ အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အလုပ်တွေပိုပြီးများများလုပ်ရမယ်လို့မြင်ပါတယ်။ အရင် Facebook မှာ Fact-checkers တွေရှိနေတုန်းကလည်း သတင်းတု၊ သတင်းမှားတွေက အလုံးစုံ တားဆီးနိုင်တာမဟုတ်ဘူး။ အဲဒါကြောင့်လဲ အချက်အလက် စစ်ဆေးတဲ့အဖွဲ့တွေ လူပုဂ္ဂိုလ်တွေက ဆက်လက်ပြီးလုပ်နေရတယ်။ Factchequeado – Platform Response to Disinformation during the US Election 2024 ရဲ့ Report အရ Platform တွေရဲ့ သတင်းတု သတင်းမှားတွေပေါ် အရေးယူမှုမှာ ရာခိုင်းနှုန်း (၄၀) ကျော်ကျော်သာရှိတယ်။ 

အဲဒီထဲက FB platform ကတော့ သတင်းတု သတင်းမှားနဲ့ ပတ်သက်ပြီး အရေးယူမှုမှာ (၇၀)ရာခိုင်နှုန်း ကျော်လောက်ရှိတာတွေ့ရတယ်။ အချက်အလက်စစ်ဆေးသူတွေကို ဖယ်ရှားလိုက်မယ်ဆို သတင်းတု၊ သတင်းမှားတွေကို အရေးယူဆောင်ရွက်နိုင်မှု နည်းပါးသွားမယ်။ နည်းပါးသွားတဲ့အတွက်လည်း သတင်းတု၊ သတင်းမှားတွေ ပိုမို့ပျံ့နှံ့လာမယ်။ သို့အတွက်လည်း အပေါ်မှာပြောထားသလို ပြည်သူလူထုတွေဆီ သတင်းအချက်အလက်အမှန်တွေ ရောက်ရှိဖို့ အချက်အလက် စစ်ဆေးတဲ့သူတွေ အဖွဲ့အစည်းတွေအနေနဲ့  အလုပ်ပိုလုပ်ပြီး၊ အချင်းချင်းချိတ်ဆက် ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သင့်ပြီး ပြည်သူတွေရဲ့ ယုံကြည်ထောက်ခံမှုရအောင်လုပ်သင့်တယ်လို့ မြင်မိပါတယ်။

မေး ။     ။ အခု Facebook ပေါ်လစီပြောင်းလဲမှု အပြီးမှာ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ် အကောင့်တွေကလည်း Facebook Platform ပေါ်မှာ ပြန်ပြီးအခြေချဖို့ ကြိုးပမ်းနေတာတွေ့ရတယ်။ တကယ်လို့ ပြန်ပြီး အခြေချလာနိုင်မယ်ဆိုရင် အကျိုးဆက် သက်ရောက်မှုတွေက ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။

ဖြေ ။    ။ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး Social Media Platform က Facebook ဖြစ်နေတုန်းပဲ။ ဆိုတော့ စစ်ကောင်စီက သူတို့ဖြန့်ချင်တဲ့ ဝါဒဖြန့် အကြောင်းအရာတွေနဲ့ သတင်းတု သတင်းမှားတွေကို  Facebook မှာ ပြန်ပြီး ဖြန့်ဝေနိုင်တော့မှာဖြစ်တယ်။ လက်ရှိမှာလည်း ကျော်စွာ တို့ ကိုသက်တို့လို ဒိတ်ဒိတ်ကြဲ ဝါဒဖြန့်ချိရေးစာမျက်နှာတွေဟာ Facebook ပေါ်ကိုသူတို့ ပြန်ပြီး ခြေချတော့မယ်ဆိုတာ ပေါ်တင် ပြောဆိုပြီး အကောင့်တွေ ဖွင့်လာတာတွေ့ရတယ်။ ရက်ပိုင်းအကြာမှာပဲ အဲ့အကောင့်တွေ ဖြုတ်ချခံရတာ မျိုးတော့ တွေ့ရတယ်။ ဒါပေမယ့် နောက်ပိုင်းမှာရော ဘယ်လို ဆက်ပြီး ကိုင်တွယ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။

Facebook ပေါ်မှာ စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေး စာမျက်နှာတွေ ပြန်များလာရင်တော့ အမုန်းတရား ပျံ့နှံ့မှုနဲ့  သတင်းတုသတင်းမှားပျံ့နှံ့မှုတွေ ပိုပြီးများလာလိမ့်မယ်။ Telegram တို့ Tik Tok တို့ ဘက်မှာဆိုရင် ထိန်းမနိုင် သိမ်းမနိုင် ပျံ့နှံ့နေတာမျိုးတွေရှိတာ အာဏာသိမ်းပြီးတဲ့ ကာလကတည်းကပဲ။ အဲ့ဒီအတွက် အချက်အလက် စစ်ဆေးတဲ့သူတွေနဲ့ သုတေသီတွေဘက်က ပိုပြီး စောင့်ကြည့် သတိပေးတာတွေ လုပ်ရမှာ ဖြစ်သလို သတင်းစားသုံးသူတွေ အနေနဲ့ လည်း သတင်းဖတ်ရှုရာမှာ သတင်းအချက်အလက် သိနားလည်မှုစွမ်းရည်နဲ့ ချဉ်းကပ် ဖတ်ရှုဖို့ ပိုပြီး လိုအပ်ပါလိမ့်မယ်။

မေး ။     ။ မြန်မာပြည်အခြေအနေကလည်း သိထားတဲ့အတိုင်းပဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကြောင့် ပြည်သူတွေက သတင်းအမှန်ရဖို့ ခက်တယ်။ ဒါကြောင့် သတင်းအမှန်ရဖို့ ကြိုးပမ်းနေတဲ့ကြားထဲက သတင်းတု၊ သတင်းမှားတွေ ပိုပြီးပျံ့လာမယ်ဆိုရင် ပြည်သူတွေအတွက်ကော ဘာတွေဆက်ဖြစ်လာနိုင်မလဲ။ 

ဖြေ ။    ။ ပြည်သူတွေ တကယ်အမှန်တရားနဲ့ ဝေးကွာလာမယ်။  သတင်းတုသတင်းမှားတွေ ဝါဒဖြန့်လိမ်လည်မှုတွေ၊ အမုန်းတရားလှုံ့ဆော်မှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေက ပြည်သူတွေ အချင်းချင်းကြားမှာ အယုံအကြည်ကင်းမဲ့ပြီး သံသယတွေ ပိုမိုကြီးထွားလာနိုင်တယ်။ အဲ့ဒီထက် ပိုတာကတော့ အမုန်းတရားလှုံ့ဆော်မှု နောက်ဆက်တွဲ မြေပြင်မှာ လက်တုန့်ပြန်တဲ့ကိစ္စ၊ သတ်ဖြတ်တဲ့ကိစ္စတွေ ပိုပြီး ဖြစ်လာနိုင်တယ်။ 

မြေပြင်မှာ စိုးမိုးနိုင်တဲ့သူတွေက သတင်းအချက်အလက် ထိမ်ချန်တာတွေ၊ သတင်းအမှောင်ချပြီး သူတို့ ဖြန့်ချင်တဲ့ဟာတွေဖြန့်ပြီး ရာဇဝတ်မှုကျူးလွန်တာတွေ၊ ပဋိပက္ခတွေ ပိုဖြစ်လာနိုင်တယ်။ အချက်အလက် စစ်ဆေးတဲ့ အဖွဲ့တွေ အချက်အလက်စစ်ဆေးသူတွေ အနေနဲ့လည်း ဒီလိုကန့်သတ်ထားတဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းတွေကြောင့် ကိုယ့်ပြည်သူလူထုဆီ သတင်းမှန် ရောက်ရှိရေးကို တခြားနည်းလမ်းနဲ့ ဘယ်လို လုပ်နိုင်သလဲဆိုတဲ့ လမ်းကြောင်းကိုလဲ ကြိုတင်စဉ်းစားထားဖို့လည်း လိုအပ်နိုင်တယ်လို့ မြင်မိတယ်။

မေး ။     ။ သတင်းတု၊ သတင်းမှားနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ကော ဘာတွေသိထားဖို့လိုမလဲ။ 

ဖြေ ။    ။ သတင်းအချက်အလက်တွေကို အလွယ်တကူ မြန်မြန်ဆန်ဆန် လက်ခံ မယုံကြည်ဖို့လိုပါတယ်။ တကယ့် သတင်းလုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ပြီး သတင်းတင်ဆက်နေတဲ့ သတင်းဌာနက သတင်းတွေကို လေ့လာဖတ်ရှုသင့်တယ်။ နောက်ပြီး သတင်းအရင်းအမြစ်တစ်ခုက တင်တဲ့ဟာကို  ဖတ်ပြီးတိုင်း ချက်ချင်း မယုံပဲ တခြား အရင်းအမြစ်တွေက ဒီသတင်းကိုပဲ ဘယ်လိုတင်ဆက်လဲ၊ ဘာတွေ ကွဲလွဲနေလဲ ဆိုတာကို သတိချပ်ဖို့ လိုပါမယ်။

ဥပမာအားဖြင့် အခုဆိုရင် Facebook Platform မှာ ဒေသအခြေပြုအမည်တွေနဲ့ Page တွေက အများအပြား ပေါ်ပေါက်နေတာကို တွေ့ရှိရတယ်။ ဒါပေမယ့် ရေးသားတဲ့ အကြောင်းအရာ (Content) တွေက ဒေသခံတွေ ရေးသားတာထက် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ရေးသားတဲ့ အသုံးအနှုန်း၊ အပြောအဆို၊ ပုံစံတွေနဲ့ တူညီနေတာကို တွေ့ရှိရတယ်။ အဲ့ဒီအပြင် အဲဒီပို့စ်တွေကို တယ်လီဂရမ်မှာရှိတဲ့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေက Screenshotတွေ ရိုက်ပြီး ပြန်ဖြန့်ချိတယ်။ 

ထူးခြားချက်က အဲဒီ Facebook ပို့စ်အောက်က Comment ဝင်ရောက်ရေးသားသူတွေရဲ့ အကောင့်အမည် မတူပေမယ့်လည်း မှတ်ချက်ပြုတဲ့ အကြောင်းအရာ၊ စာလုံးပေါင်းကအစ ထပ်တူကျနေတာကို The Red Flag က တွေ့ရှိထားပါတယ်။ ဒါကြောင့် ဒီပို့စ်တွေကို စစ်ကောင်စီဘက်က ပါဝင်ပတ်သက်နေပြီး Facebookပေါ်မှာ နည်းမျိုးစုံနဲ့ အခြေချဖို့ကို ကြိုးစားနေပြီး သတင်းမှားဖြန့်ချိမှုကိုလည်း ပိုမိုပြုလုပ်လာမှာ သေချာတယ်လို့ The Red Flag အနေနဲ့ သုံးသပ်ရှုမြင်မိပါတယ်။ သတိပြုသင့်ပြီး အန္တရာယ်ရှိတဲ့ ကိစ္စရပ်ကတော့  ပြည်သူတွေက ဒေသအခြေပြုအမည်များ ဖြစ်တာကြောင့် ယုံကြည်ပြီးတော့ မျှဝေ၊ ဖတ်ရှု၊ မှတ်ချက်ပြုတာတွေ တွေ့ရှိရခြင်းပဲ ဖြစ်ပါတယ်။

Facebook Platform ၏ ပေါ်လစီ မူဝါဒ ပြောင်းလဲမှုကြောင့် ပလက်ဖောင်းပေါ်မှ သတင်းတု၊ သတင်းမှားများအား တုန့်ပြန်ရန် အားနည်းနေသည့် အခြေအနေမှာ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်နေသည့် ဝါဒဖြန့်ချန်နယ် အကောင့်များသည် Facebook Platform ပေါ်သို့ ပြန်လည်ခြေချ၍ သတင်းအမှား ဖြန့်ချိရန် ကြိုးပမ်းနေလျက်ရှိသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက်ပေါ်မှ သတင်းတွေကို ချက်ချင်း မယုံကြည်ဘဲ သတိထားချဉ်းကပ်ပြီး ဖတ်ရှုသင့်ကြောင်း၊ အချက်အလက် စစ်ဆေးထားသည့် အဖွဲ့အစည်းများ၏ အချက်အလက်များကိုလည်း လေ့လာဖတ်ရှုသင့်ကြောင်း တိုက်တွန်းလိုပါသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...