သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မပေါက်ကွဲသေးသည် စစ်လက်ကျန်ပစ္စည်း ကိုင်တွယ်မိရာ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား နှစ်ဦးသေဆုံးကြောင်း သိရသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်)နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာတွင်းရှိ အမျိုးသား နှစ်ဦးသည် မပေါက်ကွဲသေးသော စစ်လက်ကျန် ပစ္စည်းကို ကိုင်တွယ်မိရာနေ ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနေ့က ကုံစုံရွာမှာနေတဲ့ အမျိုးသား ၂ ဦး နက်လက်ကျန် ပစ္စည်းကို ကိုင်ကြည့်ရင်း ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦးစလုံးသေသွားတယ်။ အဲလိုမျိုးလည်း မကြာခဏဖြစ်နေတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် လက်နက်ကျန် ပစ္စည်းတွေ ရှင်းလင်းဖို့ ဘယ်အဖွဲ့မှ လာရောက်ပြုလုပ်ပေးတာမျိုး မရှိဘူး”ဟု ၎င်းက ပြောသည်။
အလားတူ ကုန်စုံကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုင်ဝင်ဘာလ ၁ ရက်နေ့တွင် အမျိးသား နှစ် ဦးသည် တောထဲ မှိုသွားရှာနေစဉ် မြေမြုပ်မိုင်းနင်မိပြီး ပေါက်ကွဲခြင်းကြောင့် တစ်ဦးခြေထောက်တစ်ဖက် ပြတ်ထွက်သွားသည်ဟု သိရသည်။
လက်ရှိတွင် တိုက်ပွဲဖော်ဆောင်မှု ရပ်တန့်နေသည့်အတွက် အခြားဒေသသို့ စစ်ဘေးရှောင်သွားသည့် ပြည်သူများသည် မိမိနေရပ်ကို ပြန်ရန် ကြိုးစားနေသော်လည်း မြေမြုပ်မိုင်းဒဏ်ကို စိုးရိမ်နေသေးကြောင်းလည်း တောင်ကြီးရောက် သျှမ်းမြောက် စစ်ဘေးရှောင်များကပြောသည်။
“ခုက တိုက်ပွဲတွေ ငြိမ်သွားတယ်ဆိုပေမယ့်လည်း မိုင်းနင်းမိပြီး သေဆုံးတဲ့သူ ခြေထောက်ပြတ်သွားတဲ့သူတွေ မကြာခဏကြုံတွေ့နေရတယ်။ တချို့ဆို အိမ်ပြန်ကြည့်တာမျိုးတွေလုပ်ပြီး ပြန်ထွက်လာကြတယ်။ ခြံတွေလည်း သိပ်မသွားရဲကြဘူး မိုင်းနင်းမိမှာကြောက်နေရတယ်။ ဖြစ်နိုင်ရင် တာဝန်ရှိသူ အဖွဲ့မှ လာရောက်ရှင်းလင်းတောမျိုး ရှိစေချင်တယ်”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် (ဇန်နဝါရီလ ၇ ရက်)နေ့တွင်လည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာ(ဝၢၼ်ႈၸၢမ်ၽိူၵ်ႇ)နေ အသက်(၃၃) နှစ်ရှိသည့် စိုင်းအိုက်ဆိုင်သည် ခြံတွင်း မြက်ရိတ်နေစဉ်တွင် မြေမြုပ်မိုင်း နင်းမိပြီး ဘယ်ခြေတလုံးတဖက်တွင် ပြတ်တောက်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇” စစ်ဆင်ရေး ဖြစ်ပွားပြီးနောက် မြေမြှုပ်မိုင်းရှင်းလင်းမှုကို ညီနောင်မဟာမိတ်တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့က တာဝန်ယူဖြေရှင်းမှုနည်းသေးကြောင်း ပြည်သူများက ပြောသည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။












Leave a Comments