ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီကြား တရားဝင် အပစ်အခတ်ရပ်စဲမှုသည် ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်အသက်ဝင်ခဲ့ပြီးနောက် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း သတင်းသိရသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလကုန်အထိ တစ်လတိတိ ကျင်းပသွားမည့် နှစ်သစ်ကူးပွဲကို ယခင်က Mall Star Hotel အနီး ကျင်းပသွားမည်ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘုတ်စာမျက်နှာတွင် ယမန်နေ့က ထုတ်ပြန်လာသည်။
တိုင်းရင်းသားပေါင်းစုံ ရိုးရာအကများ၊ ပြိုင်ပွဲများနှင့် ဈေးဆိုင်ခန်းများဖြင့် စည်စည်ကားကား ကျင်းပမည်ဟု သိရပြီး မီးရှူးမီးပန်း ပစ်ဖောက်ခြင်းကိုလည်း ခွင့်ပြုမည်ဟု ဆိုသည်။
တရုတ်နိုင်ငံဘက်မှ ဇန်နဝါရီ (၂၀)ရက် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား အပစ်ရပ်သဘောတူညီမှုကို သက်ဆိုင်ရာ နှစ်ဘက်တပ်ဖွဲ့မှ လက်ရှိအချိန်ထိ အတည်ပြုပြောဆိုထားခြင်း မရှိပေ။
၎င်းအပစ်ရပ်သဘောတူညီမှုအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့မှ ကိုးကန့်တပ်များ ယခုနှစ် ဇွန်လတွင် ပြန်လည်ဆုတ်ခွာမည့်အကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း လားရှိုးမြို့ပြန်လည်ထူထောင်ရေး တာဝန်ရှိသူများမှ မဟုတ်မှန်ကြောင်း မီဒီယာများကို ပြန်လည်ငြင်းဆိုထားသည်။












Leave a Comments