သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် စစ်တပ်၏လေ့ကျင့်ရေးတပ်အတွင်းမှ လက်နက်များ ပစ်ခတ်လေ့ကျင့် နေမှုများကြောင့် တပ်နှင့် အနီးတဝိုက်တွင် နေထိုင်ကြသော ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဟိုပုံးမြို့နယ် စစ်တပ်လေ့ကျင့်ရေးဝန်းအတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့များမှ ညအချိန် လက်နက်များပစ်ခတ်လေ့ကျင့်နေမှုများကြောင့် အနီးနားတွင်နေထိုင်နေသော ပြည်သူများမှာ တိုက်ပွဲဖြစ်သည် အထင်ဖြင့် ထိတ်လန့်စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။
“တချက်တချက် သေနတ်သံကြားရတယ်၊ အနီးအနားက လူတွေကတော့ လန့်သွားတာပေါ့၊ ဆီဆိုင်ကနေ လက်နက်ကြီးတွေကျလာပြီလား ပစ်လာတာလားပေါ့၊ အနီးနားနေတဲ့သူတွေကတော့ လန့်နေရတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ပြောသည်။

ထို့သို့ ညအချိန်ရောက်မှ ပစ်ခတ်လေ့ကျင့်နေမှုများကြောင့် အနီးအနားရှိပြည်သူများမှာ တိုက်ပွဲဖြစ်ပြီ အထင်ဖြင့် စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်းသိရသည်။
“ပြည်သူ့စစ်တွေ လေ့ကျင့်နေကြတာ၊ ရပ်ကွက်တွေထဲတော့ ကြိုပြောထားတယ်လို့ပြောတယ်၊ ညအချိန်ကြီးဆိုတော့လည်း မသိတဲ့သူဆိုရင်တော်တော်လေး လန့်သွားမှာပေါ့” ဟု မြို့ခံအမျိုသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းတွင်လည်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည့် သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နှင့် အနီးတဝိုက်ကျေးရွာများမှ ပြည်သူများအား ဖိအားပေး၍ ရက်ပိုင်းမျှသာ စစ်သင်တန်းပေးပြီး ရှေ့တန်းသို့ ပိုဆောင်မှုများလည်း ရှိခဲ့သည်။
ဟိုပုံးမြို့နယ်အတွင်း စစ်ရေးအရ ငြိမ်သက်နေသော်လည်း သွားလာစစ်ဆေးမှုများ တင်းကြပ်ထားးပြီး အစားအသောက်နှင့် ကုန်ပစ္စည်းသယ်ဆောင်မှုများအား လိုအပ်သည်ထက် ပိုသယ်ဆောင်ခွင့်မပြုဘဲ တင်းကြပ်စွာစစ်ဆေးမှုများပြုလုပ်နေကြောင်း မြို့ခံများထံမှသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၉) ရက်တွင်လည်း ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးရွာအတွင်း တော်လှန်ရေးအင်အားစုအဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့အကြားဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း PNO ဘက်မှ အသက်မပြည့်သေးသော ကလေးစစ်သား (၁၀) ဦးဖမ်းဆီးရမိခဲ့ကြောင်းလည်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။












Leave a Comments