သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးအနီး တိုက်ပွဲတွင် ပအိုဝ်းပြည်သူ့စစ် (PNO) ဘက်မှ အသက်မပြည့်သေးသော ကလေးစစ်သားနှစ်ဦးအပါဝင်စစ်သုံ့ပန်း (၁၀)ဦးဖမ်းဆီးရမိ ကြောင်း တော်လှန်ရေးအင်အားစုအဖွဲ့ထံမှစုံစမ်းသိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၉)ရက် နေ့ မနက် (၅)နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့ အထိုင်ချသည့် ရွှေတစ်ဂူစခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
ထိုကဲ့သို့ တိုက်ခိုက်သိမ်းပိုက်မှုတွင် PNOဘက်မှ (၆)ဦး သေဆုံးပြီး အသက်(၁၃) ၊(၁၄) နှစ်အရွယ် ကလေးစစ်သားနှစ်ဦးနှင့်အတူ စစ်သုံ့ပန်း (၁၀)ဦးကို ဖမ်းမိခဲ့ကြောင်း ကရင်နီတော်လှန်ရေးအဖွဲ့ဝင် တစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနေ့က တိုက်ပွဲမှာ စစ်တပ်နဲ့ PNOဖက်က (၁၀)ဦးဖမ်းမိတယ်။ ကလေးစစ်သားက နှစ်ယောက်ပါတယ်။ PNO ဖက်က ကျတာက (၆)ဦးရှိတယ်။ စစ်ကောင်စီဖက်ရော ပေါင်းမယ်ဆို (၁၀)ဦးထက်မနည်း ရှိနိုင်တယ်။ လက်နက်(၃၀)ကျော် သိမ်းဆည်းရမိတယ်။” ဟု ကရင်နီ တော်လှန်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု အဖွဲ့မှ (၃)ဦးကျဆုံးသွားပြီး နောက်ဆက်တွဲ အခြေအနေများကို မသိရှိရသေးကြောင်း ၎င်း တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ထပ်လောင်းပြောသည်။
ရွှေတစ်ဂူစခန်းသိမ်းခံရသည့် ဖြစ်စဉ်တွင် ယမန်နေ့ မနက်(၅)နာရီ ဝန်းကျင်အချိန် PNO အဖွဲ့ တပ်ခွဲ (၁၉) မှ စစ်သားများ ကင်းစောင့်နေချိန် တော်လှန်ရေးအင်အားစုဖက်မှ အင်အား (၂၀၀)ခန့်ဖြင့် အဝိုင်းခံထားရကာ တိုက်ပွဲဖြစ်ပွား၍ အသိမ်းခံခဲ့ရသည်ဟု PNO တပ်သားတစ်ဦး ကပြောသည်။
ဆက်လက်ပြီး ဆီဆိုင်မြို့နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲ ပြည်လည်ဖြစ်လာမည် စိုးရိမ် ၍ဒေသခံများ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြောင်း ဆီဆိုင်ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
“နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာအုံးမယ်ထင်တယ်။ ဘာပစ္စည်းမှ မသိုလှောင်ထားရဲဘူး။ လယ်တောတွေမှာတော့ စစ်ရှောင်ရတဲ့အခါ အဆင်ပြေဖို့ အစားစာတစ်ချို့တော့ ပြင်ဆင်ထားတယ်။ တစ်ချို့ကျတော့လည်း ပြောတာပေါ့။နင်တို့မပြေးသေးဘူးလား သူများတွေ ပြေးနေပြီဆိုပြီး ပြောကြတယ်။” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။
ထို့အပြင် မြေပြင်စစ်ပွဲထက် လေယာဉ်ဖြင့် ဗုံးကြဲခံရမည်ကို ပို၍ စိုးရိမ်ကြောင်းနှင့် ထပ်မံစစ်ရှောင်ရလျှင် နေအိမ်ပစ္စည်းများ အခိုးခံရမည်ကို စိုးရိမ်နေကြသည်ဟု ထိုအမျိုးသမီးက ထပ်လောင်းပြောသည်။
ယခုလက်ရှိ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူ ကျေးရွာအနီး ဒေသခံအနည်းငယ်မှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့ဒေသခံများမှာ အခြေနေစောင့်ကြည့်ပြီး ပြင်ဆင်မှုများလုပ်နေသည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီး ၂နှစ်အကြာတွင် အသက်(၁၈)နှစ်အောက် ကလေးစစ်သား( ၁၁၀၂ ) ဦးကို စစ်မှုထမ်းခိုင်းခဲ့သည်ဟု ယူနီဆက် (UNICEF Myanmar) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အသက်(၁၈)နှစ်အောက် ကလေးများကို စစ်တပ်အတွင်း တာဝန်ထမ်းစေခြင်း၊ စစ်ပွဲအတွင်းပါဝင်စေခြင်းများ ပြုလုပ်ခဲ့လျှင် နိုင်ငံတကာဥပဒေအရ ကလေးစစ်သား ဟု သတ်မှတ်ပြဌာန်းထားခြင်းဖြစ်သည်။
အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။












Leave a Comments