သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင်း နေထိုင်သူများကို လာမည့် ဇန်နဝါရီ ၁၂ရက်တွင် အိမ်တိုင်း တအာင်းအမျိုးသားအလံ များလွှင့်ထူရန်နှင့် မလွှင့်ထူသည့်နေအိမ်များ ဒဏ်ငွေပေးဆောင်ရမည်ဟု တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ညွှန်ကြားစာပို့ထားကြောင်း သတင်းရရှိသည်။
လာမည့် ဇန်နဝါရီ ၁၂ရက်သည် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဉီး PSLF တည်ထောင်ခဲ့ခြင်း (၆၂)ပြည့် ဖြစ်ကြောင်းသိရသည်။
ထိုနေ့ နံနက် ၅နာရီမှ ညနေ ၅နာရီအတွင်း နမ္မတူမြို့တွင်းနေအိမ်တိုင်း တွင် တအာင်း အမျိုးသားအလံလွှင့်ထူးရန် နှင့် မလွှင့်ထူသည့်နေအိမ်များ ဒဏ်ငွေ ကျပ်နှစ်သိန်းခွဲ (၂၅,၀၀၀၀)ပေးဆောင်ရမည်ဟု TNLA တာဝန်ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဇန်နဝါရီ(၆)ရက်တွင် လာရောက်ညွှန်ကြားထာကြောင်း နမ္မတူ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ အဲ့နေ့ အိမ်တိုင်းလွှင့်ရမယ်။ မလွှင့်ရ ဒဏ်ရိုက်မယ်။ သဘောက နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ လွှင့်ရမယ်။ အလံလည်း ဝယ်ရတယ်” ဟု ၎င်းဒေသခံက ပြောသည်။

လက်ရှိနမ္မတူမြို့သည် TNLA ထိန်းချုပ်သည့်ဒေသတစ်ခုဖြစ်ပြီး၊ တအာင်းအမျိုးသားအလံကို တစ်ခုလျှင် ကျပ်ငွေ တစ်သောင်း မှ ကျပ်ငွေ နှစ်သောင်း ထိပေးဝယ်နေရကြောင်း သိရသည်။
“ အိမ်တိုင်းကို အလံလွှင့်ခိုင်း တာကလည်း ဒါက သူတို့ထိန်းချုပ်တဲ့နယ်မြေဖြစ်သလို TNLA ဒေသခံတွေက ထောက်ခံတယ်လို့ ဟန်ပြလုပ်ခိုင်းတာပါ။” ဟု နမ္မတူမြို့ အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဉီးကပြောသည်။
နမ္မတူမြို့ကို TNLA သည် ၂၀၂၃ခုနစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး၊ ဘော်တွင်းသတ္တုတွင်းနယ်မြေ ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ခဲ့သည်။
နမ္မတူမြို့နယ်အတွင်း TNLA တပ်နှင့် KIA တပ်တို့အချင်းချင်းကြား နယ်မြေ အငြင်းပွားမှု ဖြစ်နေကြောင်း သိရသည်။












Leave a Comments