သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ပင်စုံနှင့် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO)များ ဘိန်းစတင်စိုက်ပျိုးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ပင်စုံနှင့် စံကားဒေသတွင် စစ်ကောင်စီ၊ PNOနှင့် တော်လှန်ရေးအင်အားစုတို့ သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ )တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ စစ်ဘေးရှောင်ခဲ့ရကာ ဒီဇင်ဘာလ၌ တိုက်ပွဲ ငြိမ်သက်သွားသဖြင့် စစ်ဘေးရှောင်အများစု နေရပ်ပြန်နေထိုင်လာကြသည်။
ထိုကဲ့သို့ နေရပ်ပြန်လာသော စစ်ရှောင်များကို PNO က စစ်သင်တန်ပေးပြီး ရပ်ရွာအတွင်း ကင်းစောင့်ခိုင်းကာ ဘိန်းများကိုလည်း စိုက်ပျိုးရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ရွာမှာက PNO စစ်ဝတ်စုံတွေ ဝတ်ပြီး ကင်းစောင့်ရတယ်။ ကိုယ်တာဝန်မကျတဲ့နေ့ဆို ဘိန်းစိုက်ရတယ်။ဒါက စားဝတ်နေရေးအတွက်ပေါ့။ အရင်ကတော့ ပြောင်းတို့ ကြက်သွန်တို့စိုက်တယ်။ ခုတော့ အဲဒါတွေ မစိုက်တော့ဘူး။ ဘိန်းက ပိုမြတ်မယ်လို့ ထင်လို့ ဘိန်းပဲ စိုက်လိုက်ကြတာ။” ဟု အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။
စစ်အာဏာမသိမ်းခင်အချိန်တွင် ဘိန်းများကို ပေါ်ပေါ်ထင်ထင် မစိုက်ပျိုးခဲ့ဖူးသော်လည်း ယခုနှစ်များတွင် ဘိန်းများကို တစ်ဧကလျှင် အခွန် ကျပ်ငွေ(၂သိန်း) ပေးပြီး ရွာလမ်းဘေး မြေကွက်များတွင် သိသိသာသာ စိုက်ပျိုးနေကြသည်ဟု ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။
ဘိန်းများကို စိုက်ပျိုးထားဆဲဖြစ်ပြီး ရောင်းချရန် အချိန်မတန်သေးသောကြောင့် ငွေအားရော လူအားပါ ရင်းနှီးမြုပ်နှံထားရကြောင်း ဘိန်းစိုက်ပျိုးသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုမှ အကုန်နီးပါးက စိုက်ပျိုးထားဆဲဆိုတော့ မရောင်းရသေးဘူး။ အရင်းက ကျပ်(သိန်း ၅၀) လောက် ရင်းထားရတာ။ ဒီလိုစိုက်ရတာ အဆင်ပြေလားဆိုတော့ ပြေတယ်လို့မဟုတ်ပါဘူး။ ကိုယ့်ဒေသမှာ နေပြီး နေစရာ စားစရာ ရှိရုံလောက်လေးပဲ။ သူများဆီ စစ်ရှောင်ရင် နှိမ်ခံရတယ်။” ဟု အဆိုပါ ဘိန်းစိုက်ပျိုးသူ တစ်ဦးက ပြောသည်။
ထို့အပြင် တိုက်ပွဲအတွင်း ပျက်စီးသွားသည့် နေအိမ်များကို အနည်းငယ်မျှသာ ပြုပြင်နိုင်ပြီး တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်ဟု နေရပ်ပြန် စစ်ရှောင် အသက် (၃၀ ) ဝန်းကျင် အမျိုးသမီးက ပြောသည်။
“တိုက်ပွဲဖြစ်တုန်းက အိမ်တွေဆို တော်တော်ပျက်စီးကုန်တာ။ ပြန်ပြင်နေတာလည်းရှိတယ်။ ပိုက်ဆံရှိတဲ့သူက ပြင်တာပေါ့။ မပြင်ရသေးတာက ပိုများတာ။ စစ်ရှောင်ရတာမလွယ်လို့ ကိုယ့်ဒေသပဲ ပြန်လာပြီး ဖြစ်သလို နေထိုင်နေကြတာ။ နောက်ထပ်တိုက်ပွဲဖြစ်ရင်လည်း ထပ်ပြေးရုံပေါ့။” ဟု အဆိုပါ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုလက်ရှိ စံကား-ပင်စုံ ဒေသတွင် ဒေသခံများသည် ကိုယ်ထူကိုယ်ထ ကိုယ်တိုင် စစ်ရေး ၊လုံခြုံရေး လုပ်ဆောင်နေရသည့်အပြင် ဒေသခံအားလုံးနီးပါး ဘိန်းများ စိုက်ပျိုးလာသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်များတွင်လည်း စစ်ကောင်စီနှင့် PNO တပ်ဖွဲ့များကို အခွန်ပေးဆေောင်ပြီး ဘိန်းစိုက်ပျိုးမှုများ ယခင်ကထပ်ပိုများလာကြောင်းသိရသည်။
“ ဒီမှာက ဘိန်းစိုက်ဧကပေါ်မူတည်ပြီး စစ်ကောင်စီရဲနဲ့ PNOတွေကို သူတို့တောင်းတဲ့ငွေကြေးပေးရတယ်။ တဧကဆိုတာ ဘယ်လောက်ထက် အခွန်က သူတို့ပေါ်မူတည်တာပါ” ဟု ဆီဆိုင်ဒေသခံ ဘိန်းစိုက်သည့်အမျိုးသမီး တစ်ဉီးက ပြောသည်။
စစ်ကောင်စီနှင့် PNO မှ တောင်းခံသည့် ငွေကြေးများ မပေးဆောင်နိုင်လျှင် ဘိန်းစိုက်ခင်းဖျက်ဆီးခံရကြောင်း လည်း ဟိုပုံးမြို့နယ် ဘိန်းစိုက်တောင်သူတစ်ဉီး ပြောသည်။
“ ကျနော်တို့ဆီမှာတော့ ဘိန်းစိုက်တဲ့သူတိုင်းက ရဲရော PNO ကို အခွန်ပေးရတယ်။ တချို့မပေးနိုင်တဲ့သူကလည်း ဖျက်ဆီးခံလိုက်ကြတယ်” ဟု ဟိုပုံး ဘိန်းစိုက်သူတစ်ဉီးက ဆိုသည်။
မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုသည် ၂၀၂၄ခုနစ်တွင် ၄ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသေးကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှု နှိမ်နင်းရေး အဖွဲ့ (UNODC) က ဒီဇင်ဘာ ၁၂ရက် တွင် ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံ တွင် သျှမ်းပြည်သည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး ဒေသဖြစ်ပြီး ၈၈ ရာခိုင်နှုန်း အထိ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။












Leave a Comments