သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးထဲမှ ယမ်းမှုန့်များကို ထုတ်ယူရန် ကြိုးပမ်းနေစဉ် ပေါက်ကွဲပြီး အမျိုးသား (၂) ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သတင်းသိရသည်။
အောက်တိုဘာလ (၁၅) ရက် နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စုမှ ပန်ခါးကျေးရွာတွင် အမျိုးသား (၂) ဦးသည် တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် (၆၀) မမ အမျိုးအစား လက်နက်ကြီးတစ်လုံးအား အတွင်းရှိ ယမ်းမှုန့်များကို ထုတ်ယူရန် ကြိုးပမ်းနေစဉ် ပေါက်ကွဲခဲ့ခြင်းကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း TNLA မှ ယနေ့ (အောက်တိုဘာလ ၁၈ ရက်) တွင် သတင်းထုတ်ပြန်သည်။
၎င်းသေဆုံးသွားသည့် အမျိုးသား (၂) ဦးသည် ပန်ခါးကျေးရွာမှ အသက် (၂၇) နှစ် အရွယ် ခွန်ဂျာချောင်နှင့် ခိုမုန်းကျေးရွာမှ အသက် (၆၀) နှစ်အရွယ် ဦးညီထွမ်း တို့ဖြစ်ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ အောက်တိုဘာလ (၅) ရက်တွင် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာတွင် အမျိုးသား (၂) ဦးသည် ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် စစ်ကောင်စီလက်အောက်ခံ ခလရ-(၁၄၇) အနီး လက်ပစ်ဗုံးများ သွားရောက်ရှာဖွေပြီး ပြန်လည်ရောင်းချရန် ပြုပြင်နေစဉ် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များ “၁၀၂၇ စစ်ဆင်ရေး”အတွင်း ထိန်းချုပ်ထားနိုင်သည့် နမ္မတူ၊ နမ့်ဆန်၊ လားရှိုး၊ ကွတ်ခိုင်နှင့် သီပေါမြို့များတွင် လက်ရှိအချိန်ထိ တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးနှင့် မြေမြှုပ်မိုင်းများကို ပြန်လည်ရှင်းလင်းနိုင်ခြင်း မရှိသေးဘဲ လစဉ်နီးပါး လူထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများ ဆက်ရှိနေသည်။
ထို့အပြင် ဒေသခံများမှာလည်း အလုပ်အကိုင် ရှားပါးမှုကြောင့် စစ်ကောင်စီတပ်စခန်းဟောင်း အနီးတဝိုက်တွင် သေနတ်၊ မပေါက်ကွဲသေးသည့် လက်နက်ကြီးနှင့် လက်ပစ်ဗုံးများ သွားရောက်ရှာဖွေပြီး ပြန်လည်ရောင်းချမှုများ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။












Leave a Comments