သျှမ်းပြည်တောင်ပိုင်း၊ သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၁၆)နှစ်အရွယ် မိန်ကလေး ၁ ဦးသေဆုံးပြီး၊ ၄ ဦးဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (မတ်လ ၁ )ရက် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ယာတွင် အလုပ်လုပ်နေသည့် ဒေသခံ ၅ ဦးကို လက်နက်ကြီးထိမှန်ပြီး ၁၆ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး၊ ကျန် ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနေ့က စစ်တပ်က လက်နက်ကြီးပစ်လိုက်တာ ပြည်သူတောင်ယာထဲထိ ကျသွားတာ။ သေသွားတဲ့ တစ်ဦးက ၁၆ နှစ်ပဲရှိသေးတယ်။ ကျန်တဲ့ ဒေသခံ ၄ ဦးက လက်နက်ကြီးထိမှန်တော့ ဒဏ်ရာတွေရနေတယ် အဲထဲမှာ ကလေးငယ်လည်း ပါတယ်။ တော်သေးလို့ ကျန်းမာရေး ဆရာ၊ ဆရာမတွေ အချိန်မီ ဆေးကုသပေးလို့ တချို့က ဒဏ်ရာပြင်းထန်ရထားတယ်”ဟု ၎င်းက ပြောသည်။

ဒဏ်ရာရရှိထားသည့် ပြည်သူ ၄ ဦးကို မိုးဗြဲကယ်ဆယ်ရေးအဖွဲ့နှင့် ကျန်းမာရေး ဆရာများက အချိန်မီ သွားရောက်ကုသပေးပြီး ဒဏ်ရာပြင်းထန်သူကို ဆေးရုံသို့ လွှဲပြောင်းပေးလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ မီးလောင်ဗုံးနှင့် အဆိပ်ငွေဗုံးများကို အသုံးပြုတိုက်ခိုက်လာနေကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရင် တကျော့ပြန် ထိုးစစ်ဆင်နေပြီး ခမရ (၄၂၂)တပ်မှ ဇန်နဝါရီလ (၄)ရက်မှ စပြီး ယနေ့ထိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး နှစ်ဖက်စလုံး အထိအခိုက် သေဆုံးမှုလည်း များနေကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီသည် မိုးဗြဲမြို့ကို ပြန်လည်ရယူရန် မြေပြင်မှာသာမက လေကြောင်းတိုက်ခိုက်မှုပါလုပ်ဆောင် နေလျက်ရှိသည်။












Leave a Comments