သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အနောက်မြို့ပတ်လမ်းတလျှောက်ရှိ ရပ်ကွက်အချို့တွင် မြေအောက်ရေစိမ့်ထွက်မှုများရှိနေပြီး ရေစုပ်စက်များဖြင့်ပါ စုပ်ထုပ်နေရကြောင်း စုံစမ်းသိရှိရသည်။
စက်တင်ဘာလ ၁၁ ရက်နေ့မှ စ၍ တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံမှုများပါဖြစ်ပွားခဲ့သည်။
လက်ရှိတွင် ရေကျသွားပြီဖြစ်သော်လည်း အချို့ရပ်ကွက်များတွင် မြေအောက်ရေပြန်လည်စိမ့်ထွက်မှုများရှိလာကြောင်း တောင်ကြီး တက္ကသိုလ်အနီးတွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ရေက တစိမ့်စိမ့်နဲ့ထွက်နေတာ၊ ခု underground carparking ကနေ ထွက်နေတာ၊ လူအားကော စက်အားကောသုံးပြီး စုပ်ထုပ်နေရတာ ၄ ရက်လောက်ရှိနေပြီ” ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ ရေစိမ့်ထွက်နေသည့်နေရာများမှာ ကျောင်းကြီးစုရပ်ကွက်နှင့် ဝါးပြားရပ်ကွက်တို့တွင်ဖြစ်နေကြောင်း သူမကဆက်ပြောသည်။
“ကျမရဲ့ အဖေက Civil Engineer ပါ သူမဆုံးခင်တည်းက ပြောဖူးတယ် တောင်ကြီးက အဝီစိတွင်းတူးတာများလို့ မြေအောက်၊ မြေကျွံတာတွေ ဖြစ်လာနိုင်လို့ ဂရုစိုက်ဖို့ပြောဖူးတယ်” ဟု ၎င်းကဆက်ပြောသည်။
အလားတူ ပြီးခဲ့သည့် ရက်တ္တပတ်ကလည်း ပင်းတယမြို့တွင် ရေကြီးပြီးနောက် မြေအောက်ရေလျှံထွက်မှုဖြစ်ပွားနေသည့် ဗီဒီယိုများ လိုင်းပေါ်တွင် ပျံနှံခဲ့သေးသည်။
သျှမ်းပြည်တောင်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြို့နယ်အများအပြားတွင် ရေတိုက်စားမှုမြေပြိုမှုများအပြင် လက်ရှိတွင် မြေကျွံနိုင်သည့် အလားအလာများလည်း တွေ့လာနိုင်ကြောင်းလည်းသိရသည်။
အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။












Leave a Comments