သျှမ်းပြည် တောင်ပိုင်း လွိုင်လင် မြိုနယ်တွင် တောင်ကျရေကြောင့် မြေပြို၍ သေဆုံးသူ လူဦးရေ ၂၀ ကျော်ရှိကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ် လွိုင်လင် မြို့နယ်တွင် မိုးရွာသွန်းကာ တောင်ကျရေကြောင့် မြေပြို၍ ခေါင်းနွဲ့ကျေးရွာ နှင့် အိမ်ခစ်ရွာ တွင် သေဆုံးသူ လူဦးရေ ၂၀ ကျော်ကို တွေ့ရှိခဲ့ပြီး၊ပျောက်ဆုံးမှု နှင့် မယူနိုင် သေးသည့် အလောင်းများစွာ ကျန်ရှိနေသေးကြောင်း သွားရောက်ကူညီသည့် ပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ကျနော်တို့ တွေ့ရှိထားသလောက်က အလောင်းက ၂၀ ကျော်လောက်ရှိတယ်။ဒါက ၅ ရက်အတွင်း ရထားတဲ့အလောင်းတွေပေါ့။ အဲ့ထက်ပိုရင်လည်းပိုမယ်။ မြေပြိုတာနဲ့ ရောပြီး ကားက တောင်အောက်ကို ရောက်သွားတဲ့ဟာလည်း မယူရသေးတာရှိတယ်။ အိမ်ခစ်ဆိုရင် မယူရသေးတာလည်းရှိတယ်။”ဟု ပရဟိတ လူမှုကူညီရေး တာဝန်ရှိ သူအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိအချိန်ထိ အလောင်း၂၀ တွေ့ရှိထားပြီး လက်ရှိမှာလည်း ဆက်လက်ရှာဖွေနေသေးပြီး ခန့်မှန်းခြေ အလောင်း ၃၀ခန့်ရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
မိုးသည်းထန်ရွာသွန်းမှုကြောင့် လွိုင်လင် နှင့် မိုင်းပွန် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မြေပြို၍ လမ်းများပျက်စီးကာ လမ်းများပိတ်ထားရသည်။
လက်ရှိတွင် မြို့ရှောင်လမ်းဖြစ်သည့် ကျောက်တန်းလမ်းကိုသာ အသုံးပြုးနေရပြီး မိုင်းပွန်မြို့တွင် တွဲကားများ ကားကြီးများစွာ ဆက်လက်ပိတ်မိနေကြောင်း မိုင်းပွန်မြို့ ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြေပြိုနေတာကတော့ ရက်ကြာနေပြီ။ မြေပြိုကတည်းကပဲ လမ်းတွေ ပိတ်ထားတာ ၅ ရက်လောက်ရှိပြီ။ ကားတွေလည်းသွားလို့ မရဘူး။အခုကလည်း သွားလာရခက်နေတယ်။ ကျောင်းတန်းလမ်း က်ပဲ သွားလာ နေရတာ။ကားကြီးတွေကလည်း သွားမရဘူး အတက်အဆင်းကြမ်းတယ်။ကားကြီးတွေကလည်း မိုင်းပွန်မှာ ပိတ်မိနေတာအများကြီးပဲ။”ဟု မိုင်းပွန်မြို့ ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။
ယခုနှစ် သျှမ်းပြည်အရှေ့ပိုင်း နှင့် သျှမ်းပြည်တောင်ပိုင်း ရေကြီး၊ရေလျှံမှုသည် အကြီးမားဆုံးဖြစ်ပြီး ဆုံးရှုံးမှုအများဆုံး ရင်ဆိုင်ရသည့် နှစ်ဖြစ်သည်။
သျှမ်းပြည်တောင်ပိုင်း မြို့နယ်နှင့် ကျေးရွာတွင် ရာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် လူ ၁၄၀ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
တောင်ကြီးနှင့် လွိုင်လင်ခရိုင်အတွင်း ရေဘေးသင့်ဆဲ ကျေးရွာပေါင်း အနည်းဆုံး (၁၅၀) ကျော်ရှိပြီး လူဦးရေ ၁၀၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။












Leave a Comments