Tuesday, January 27, 2026

တောင်ကျရေနဲ့အတူ လူ့အသက်တွေ မျောပါနေရ

“မိုးရွာလာပြီဆိုရင် ကြောက်စိတ် ဝမ်းနည်းစိတ်က အလိုလို ဖြစ်လာတယ်။ မိုးရွာတဲ့ညဆိုရင် အိပ်မပျော်ဘူး” လို့ ဉီးကျော်က သူ့ ခံစားချက်ကို ရင်ဖွင့်ပြောလာပါတယ်။

ယခုနှစ် ဇူလိုင်လ ၂၇ ရက် ညအချိန်မှာ မိုးရွာသွန်းမှုကြောင့် ဉီးကျော်တို့မိသားစု အိပ်ယာကို စောစောစီးစီး ဝင်ခဲ့ကြပါတယ်။

ဇူလိုင်လ ၂၈ ရက် မနက် ၃ နာရီကျော်အချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ တောင်ပေါ်က ရုတ်တရက် အရှိန်နဲ့ ထိုးကျလာတဲ့ ရေစီးအားကြောင့် ဉီးကျော် တစ်ယောက် ထင်မှတ်မထားမိတဲ့ အရာတစ်ခု ဖြစ်လာပြီး မိသားစု သေကွဲ ကွဲတဲ့အဆင့်ထိ ရောက်ရှိလာခဲ့ပါတယ်။

ဉီးကျော်တို့မိသားစုဟာ သျှမ်းပြည်တောင်ပိုင်း အေးချမ်းလှတဲ့ တောင်ပေါ်မြို့လေး ဖြစ်တဲ့ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းကျေးရွာမှာ တောင်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြု နေထိုင်ကြသူတွေ ဖြစ်ကြပါတယ်။

ဦးကျော်ရဲ့ လူ့ဘဝသက်တမ်း နှစ် ၆၀ နီးပါး ကာလအတွင်း အခုလို တောင်ကျရေနဲ့ ရွှံ့နွံကြောင့် လူအသက် သေဆုံးတဲ့ဖြစ်စဉ်ကို မကြုံဖူးခဲ့ကြောင်း၊ အဲ့လိုကြုံလိုက်ရချိန်မှာ မိသားစုဝင်တွေ ပါသွားတဲ့အတွက် ဦးကျော်တစ်ယောက် ရင်ကွဲမတက် ခံစားနေရပါတယ်။

“တောင်ပေါ်မှာ ဒီလို အဖြစ်ဆိုးတွေ မိုးဒဏ် သဘာဝဘေးဒဏ် တောင်ကျရေကြောင့် ကလေးတွေနဲ့ မိန်းမက အသက်သေဆုံးမယ် ဆိုတာ မထင်ခဲ့မိဘူး။ ကျနော်မိန်းမရဲ့ အလောင်းကို အခုထိ ရှာမတွေ့သေးဘူး” လို့ ဦးကျော်တစ်ယောက် ရင်ထဲစို့နစ်နေတဲ့ လေသံဖြင့် ပြောပြလာပါတယ်။

ပုံစာ-ပင်းတယမြို့နယ် ကုန်းစောင်းရွာအတွင်း တောင်ကျရေကြောင့် ကျောက်တုံး၊ သစ်တုံးများ ရေစီးနှင့်အတူ မျောလာသောပုံ

ဦးကျော်တို့ မိသားစုဝင် (၅) ဦးထဲမှာ အသက် ၁၉ နှစ်အရွယ် သမီး၊ အသက် (၉)နှစ် အရွယ် သားလေးတို့ဟာ အိပ်ယာပေါ်တွင် သေဆုံးသွားပြီး၊ ဇနီးဖြစ်သူရဲ့ ရုပ်အလောင်းကို ဒီကနေ့ထိတိုင် မတွေ့ရှိသေးပေ။

သို့ပေမယ့် အသက် ၁၅ နှစ်အရွယ် သားတစ်ယောက်နဲ့ ဦးကျော် ကတော့ သေဘေးကနေ ကပ်သီလေး လွှတ်မြောက်လာခဲ့ပါတယ်။

“အဲ့နေ့က ကျနော်လည်း ရေစီးထဲ ပါသွားတယ်၊ သေမယ်ထင်ခဲ့တာ။ ကျနော်ရဲ့ ခေါင်းနဲ့ ကျောက်တုံး နှစ်ချက် ဆောင့်မိတယ်၊ သတိတော့ မမေ့သွားဘူး။ ရေရော ရွှံ့ရောနဲ့ အတူ ပါသွားတာ၊ ကျနော်ကို မြင်တဲ့သူတောင် မမှတ်မိဘူး ရွှံ့လူးနေတော့။ ပါးစပ်ထဲမှာလည်း သဲတွေ ရွှံ့တွေချည်းပဲ ပြည့်သွားတာ” လို့ ဦးကျော်က သူကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ကို ပြန်ပြောနေပါတယ်။

အဲ့လိုနဲ့ မနက် မိုးလင်းလာချိန်မှာတော့ ကုန်းစောင်းကျေးရွာ တစ်ရွာလုံး ရစရာ မရှိအောင် ချောင်း၊ လမ်းနဲ့ နေအိမ်တွေမှာ ကျောက်တုံးတွေ သစ်တုံးတွေ နုန်းတွေ ပြည့်နှက်လို့ နေပါတယ်။

ပုံစာ-ပင်းတယမြို့နယ် ကုန်းစောင်းရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် တောင်ကျရေကြောင့် ကျောက်တုံး၊ သစ်တုံးများ ရေစီးနှင့်အတူ မျောလာသောပုံ

အဲ့ဒီ တောင်ကျရေကြောင့် ပင်းတယမြို့နယ် ကုန်းစောင်းရွာမှာ နေအိမ် ၁၅ လုံး ပျက်စီးခဲ့ရပြီး ဦးကျော်ရဲ့ မိသားစုဝင် (၃) ဉီး အပါအဝင် ဒေသခံ (၈) ဦး အသက်ဆုံးရှုံးခဲ့ရတဲ့အပြင်း စပါးခင်း ဧက ၅၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ပင်းတယမြို့နယ်မှာ ဓနုလူမျိုးအပြင် တောင်ရိုးလူမျိုး၊ ပအိုဝ်းလူမျိုး၊ သျှမ်းလူမျိုးနှင့် တအာင်း(ပလောင်)လူမျိုးတို့ အတူယှဉ်တွဲ နေထိုင်ကြပြီး စပါး၊ လိမ္မော်၊ လက်ဖက်ခင်းနဲ့ နှစ်ရှည်၊ နှစ်တို သီးနှံစိုက်ပျိုး အသက်မွေးကြတဲ့ ဒေသဖြစ်ကာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ပင်းတယမြို့ဟာ ဘော်ဆိုင်းသတ္တုတွင်းနဲ့ ၁၂ မိုင်ခန့်သာ ဝေးကွာပြီး သံလွင်မြစ်ရဲ့ မြစ်လက်တက်တစ်ခု ဖြစ်တဲ့ ဇော်ဂျီမြစ် ဖြတ်သန်းစီးဆင်း မြို့လည်း ဖြစ်ပါတယ်။

ဦးကျော်တို့မိသားစု နေထိုင်တဲ့ ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာနဲ့ မိုင်အနည်းငယ်သာ ကွာဝေးတဲ့ သိမ်ကုန်းကျေးရွာလည်း တောင်ကျချောင်းရေရဲ့ ဒဏ်ကို အလူးအလိမ့် ခံခဲ့ရတဲ့ ကျေးရွာထဲမှာ ပါဝင်ပါတယ်။

“လူသေတာတော့ မရှိဘူး၊ ကျနော်တို့ လယ်တွေပျက်ကုန်တာ။ လယ်ထဲ သစ်တုံးတွေ နုန်းတွေနဲ့ ပြည့်နေတာ၊ ဘာမှ ရစရာမရှိလောက်အောင်ပါပဲ။ လယ်ပျက်တော့ လာမယ့်နှစ်အတွက် စိုက်ပျိုးရေး လုပ်မရလို့ ရိက္ခာခက်ခဲနိုင်တယ်။ စာသင်ကျောင်းလည်း နုန်းတွေနဲ့ မြှုပ်နေတယ်” လို့ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာဒေသခံ ကိုစိုင်းက ပြောပြလာပါတယ်။

ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာလည်း ဆန်စပါးကို အဓိက စိုက်ပျိုးတဲ့ ကျေးရွာဖြစ်ပြီး လယ်ဧကပေါင်း ၁၅၀ ကျော် ရေနစ်မြှုပ်ခြင်း၊ ရွှံ့နုန်းများ တင်ကျန်ခြင်းတို့ ရင်ဆိုင်ကြုံတွေ့နေရကာ လက်ရှိအချိန်ထိ ရှင်းလင်းရေး မပြီးသေးခြင်းကြောင့် လာမယ့်နှစ်အတွက် စားနပ်ရိက္ခာ အခက်အခဲ ကြုံရနိုင်ကြောင်း ကိုစိုင်းက လက်ရှိ ကျေးရွာအခြေအနေကို စိတ်မကောင်းစွာဖြင့် ပြောပြပါတယ်။

“လာမယ့်နှစ်ကျရင် စိုက်ပျိုးရေးအတွက် အခက်အခဲ ဖြစ်လာနိုင်သလို ရိက္ခာအတွက်လည်း စိုးရိမ်နေရတယ်။ တစ်နှစ်ထက် တစ်နှစ် ရေကြီးမှုက ပိုဆိုးလာတယ်” ဟု ကိုစိုင်းက ရာသီဥတု ဖောက်ပြန်မှုအပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နောက်ဆက်တွဲကို ရှင်းပြနေပါတယ်။

ပင်းတယမြို့နယ်ရဲ့ ဘေးပတ်ပတ်လည်တွင် လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က တောတောင်တွေ သစ်တောတွေ စိမ်းစိမ်းစိုစို ရှိခဲ့ရာမှာ လက်ရှိတွင် သစ်တောပြုန်းတီးမှုကြောင့် တောင်တစ်ခုလုံး ရစရာ မရှိအောင် ဖြစ်နေကြောင်းလည်း ကိုစိုင်းက ပြောပါတယ်။

အလားတူ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာအုပ်စုတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းလာတိုင်း ရင်တထိတ်ထိတ်နဲ့ အိပ်စက်ရကြောင်းကို နန်းခမ်း တစ်ယောက် ရင်ဖွင့်ပြောဆိုလာပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလထဲတွင် မဲနယ်တောင်ဒေသမှာ တောင်ကျရေကြောင့် နေအိမ် ၈၀ နီးပါး ပျက်စီးခဲ့ပြီး အသက်သေဆုံးသူ ၁၉ ဉီးအထိ ရှိခဲ့တဲ့ ဖြစ်စဉ်ကြောင့် နန်းခမ်း တစ်ယောက် မိုးရွာသီရောက်လာတိုင်း သဘာဝဘေးဒဏ်ကို အလိုလို တွေးကြောက်နေရကြောင်း ပြောရှာပါတယ်။

မဲနယ်တောင်ဒေသ

“မိုးရွာရင် ကြောက်လို့ အိပ်တောင်မပျော်ဘူး။ မနှစ်ကဆိုရင် အိပ်နေရင်း မိသားစု စောင်ထဲမှာ သေတဲ့ဖြစ်စဉ်က ရှိတယ်လေ။ ဒီလိုဖြစ်ရပ်တွေက မကြုံဖူးဘူး၊ မိုးရွာသီဆိုရင် မိုးရွာမှာ အလိုလို ကြောက်နေပြီ” လို့ ဝမ်းနည်းတဲ့လေသံနဲ့ နန်းခမ်းက ဆိုပါတယ်။

စစ်ရေး နိုင်ငံရေး ပဋိပက္ခကြား ကုန်စျေးနှုန်းကလည်း တရိပ်ရိပ် မြင့်တက်လာမှုကြောင့် ယမန်နှစ် ၂၀၂၄ နှစ်ကုန်စတွင် ရေကြီးမှု၊ တောင်ကျရေကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေ လက်ရှိအချိန်ထိ မပြုပြင်နိုင်သေးကြောင်း၊ ဒါ့အပြင် လယ်ယာစိုက်ပျိုးမှုလည်း မဖော်ဆောင်နိုင်သေးတာကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်းနေရကြောင်းလည်း နန်းခမ်းက ထပ်လောင်းပြောပါတယ်။

မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခ ရှုပ်ထွေးမှုကို အခွင့်ကောင်းယူပြီး တွင်းထွက်သံယံဇာတ အလွန်အကျွံ ထုတ်ယူမှုကြောင့် တောတောင်ရေမြေ ပျက်စီးပြုန်းတီးလာသဖြင့် ပြည်သူများလည်း သဘာဝဘေးအန္တရာယ်ကို အလူးအလိမ့် ခံနေရကြောင်း ပင်းတယမြို့မှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်နေသူ မသူဇာက ပြောဆိုပါတယ်။

“ ဒီ ၂ နှစ်မှာ ရေကြီးတာ မြေပြိုတာ ပိုဆိုးလာတယ်။ တောင်ယာချဲ့ထွင်တာ၊ နောက်ပြီး သစ်တောကို အတားအဆီးမရှိ ခုတ်နေတာတွေကြောင့် ပါတယ်။ စိုက်ပျိုးရေးမှာလည်း ဓာတုပစ္စည်းတွေ အလွန်အကျွံ သုံးစွဲတာလည်း ပါတယ်” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်နေသူ မသူဇာက ထောက်ပြပြောဆိုလိုက်ပါတယ်။

လက်တလောမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပိုလုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း မသူဇာ က ပြောဆိုပါတယ်။

လွန်ခဲ့သော ၁၉၇၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံဧရိယာ၏ ၆၉ ဒသမ ၅၉ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ၃၃ ဒသမ ၀၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ခြင်းကြောင့် နှစ်ပေါင်း (၅၀) အတွင်း သစ်တောဖုံးလွှမ်းမှု ၃၆ ဒသမ ၅၃ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက ခန့်မှန်းသုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံတွင် သဘာဝသယံဇာတ ထုတ်ယူမှု ပမာဏအားဖြင့် ၂၀၁၈ ခုနှစ်တွင် တစ်နှစ်အတွင်း တန်နစ်၅၃၀၀တန် ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တန်နစ် ၂၇၆၀၀ တန်အထိ ထုတ်ယူသုံးစွဲနေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားချက်အရ သိရပါတယ်။

ဒီလို ဒေတာအချက်အလက်တွေကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် နှစ်စဉ် သစ်တောပြုန်းတီးမှု၊ သယံဇာတထုတ်ယူသုံးစွဲမှု ပိုများလာပြီး လူသားအရင်းအမြစ်အတွက် ကောင်းမွန်တဲ့ အနာဂတ်လည်း ဝေဝါးလာနေပါတယ်။

“သဘာဝပတ်ဝန်းကျင်က အတားအဆီးမရှိဘဲ ဒီလို အဖြစ်အပျက်ဆိုးတွေ ဖြစ်ရတာ။ သဘာဝကို မပြုပြင်ပဲ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် သဘာဝတရားကြီး ပျောက်ကွယ်ပြီး လူသားတွေအတွက် တော်တော် အန္တရာယ်ရှိနိုင်တယ်။ သက်ရှိတွေတောင် ပျောက်ကွယ်သွားနိုင်တယ်၊ နောင်လာမယ့် မျိုးဆက်အတွက် ရင်လေးစရာ ဖြစ်နေတယ်”လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်နေသူ မသူဇာ က စိတ်မကောင်းစွာ သက်ပြင်းချပါတယ်။

မိသားစုအသက်ကို ဆွဲနှုတ်ယူသွားတဲ့ သဘာဝဘေးဒဏ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဦးကျော်ကတော့ မိုးရွာတိုင်း သေကွဲ ကွဲသွားတဲ့ မိသားစုဝင်တွေကို လွမ်းဆွတ်ကာ သားငယ်လေးနဲ့အတူ ရှေ့ဆက်ဖို့အတွက် အားမွေးနေရကြောင်း ပြောလာပါတယ်။

“ ကျနော် ဇနီးနဲ့ ကလေး ၂ ယောက် သဘာဝဘေးကြောင့် အသက်သေသွားပြီး ကျနော်စိတ်ဓာတ်တွေ ကျရ ဝမ်းနည်းရပေမယ့် သားငယ်လေး တစ်ယောက်အတွက်တော့ ကျနော် လဲကျလို့ မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ အားတင်းထားရတယ်။ ဒီလိုအဖြစ်ဆိုးတွေ နောက်ထပ် ဘယ်သူမှ မကြုံစေချင်ဘူး” လို့ ဦးကျော်က ကြေကွဲဝမ်းနည်းစွာနဲ့ ပြောဆိုပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...

ပင်းတယ တက္ကသိုလ်ကျောင်းတက်သူများ ကြိုတင်မဲမထည့်လျှင် စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့တွင် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတို့က တက္ကသိုလ်ကျောင်းသားများ မဲမထည့်လျှင် စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ပြီး ကြိုတင်မဲ ထည့်ခိုင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၆) ရက်တွင် တက္ကသိုလ်ကျောင်းတက်နေသူများ၊ မသန်စွမ်းများ၊ ကျန်းမာရေးမကောင်းသူများ နှင့် သက်ကြီးရွယ်အိုများကို စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများက မဖြစ်မနေမဲထည့်ကြရန်...

ရွာငံနှင့် ပင်းတယ ဒေသခံများကို စစ်ကော်မရှင်တပ်က အလှည့်ကျ ကင်းစောင့်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်သားများ ဝင်ရောက်တပ်စွဲထားပြီး ဒေသခံများကို အလှည့်ကျ ကင်းစောင့်ခိုင်းထားကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စု၊ တပင်ပျော်ကျေးရွာအုပ်စု၊ ကျောက်ငှက်ကျေးရွာအုပ်စုနှင့် ကျန်တောကျေးရွာအုပ်စုတို့တွင် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲထားပြီး ဒေသခံများကို ကင်းတဲ လိုက်လံဆောက်ခိုင်းသည့်အပြင် အလှည့်ကျ...

ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး...
Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။