သျှမ်းပြည် တောင်ပိုင်း လွိုင်လင် နှင့် မိုင်းပွန်ကြားတွင် ရေကြီး မြေပြိုမှုများ ဖြစ်ပွားကာ အမျိုးသားနှစ်ဦး သေဆုံးနေ ကားများစွာ ပိတ်မိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယမန်နေ့ (စက်တင်ဘာလ ၁၀) ရက် တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လွိုင်လင် နှင့် မိုင်းပွန် ကြားရှိ ခေါင်းနွဲ့တောင်၌ ရေကြီး မြေပြိုမှုများဖြစ်ပွားခဲ့ပြီး အသက် ၄၀ ဝန်းကျင် ကားဆရာတစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မိုင်းပွန်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
” ခေါင်းနွဲ့မှာ မြေပြိုတာ လမ်းဘေးမှာ ရပ်ထားပြီး အိပ်နေတဲ့ ၂၂ ဘီး ကားကြီးက မြေပြိုတဲ့ထဲ ပါသွားတယ်။ ကားဆရာသေတယ်။ နောက်တစ်ယောက် က ကြက်မွေးတဲ့သူလို့ သိရတယ်။ ဒါက ကျနော်သိရတဲ့သူပါ”ဟု မိုင်းပွန်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် လွိုင်လင် နှင့် မိုင်းပွန် ကြားရှိ ပြည်ထောင်စုလမ်းမကြီးသည့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးကာ မြေပြိုမှုအဆင့်ထိဖြစ်ပွားပြီး ကားကြီး၊ ကားငယ်များ ရာနဲ့ချီ ပိတ်မိနေကြောင်း ၎င်းက ဆက်ပြောသည်။
“ တောင်ကြီးလည်းသွား မရ၊ လွိုင်လင်လည်း သွားမရ။လွိုင်လင်နဲ့ မိုင်းပွန်ကြားက မြေတွေ အရမ်းပြိုတယ်။ လက်ရှိအချိန်ထိတော့ ကားတွေက ပိတ်မိနေတုန်းပဲ။”ဟု မိုင်းပွန်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ တောင်ကြီး၊ ရွှေညောင်၊ ညောင်ရွှေ၊ ကလော၊ လွိုင်လင်၊ မိုင်းပွန် နှင့် သျှမ်းပြည် အရှေ့ပိုင်းတို့တွင် မိုးရွာသွန်းမှုကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်း နှင့် မီးများ ပြတ်တောက်နေကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် သျှမ်းပြည် တောင်ပိုင်း နှင့် အရှေ့ ပိုင်းရှိ ပြည်ထောင်စုလမ်းမကြီးသည် မိုးရွာ ရေကြီးမှုကြောင့် လမ်းများ ပျက်စီးချင်း တောင်ပြိုချင်း စသည့် ဖြစ်ရပ်များကြောင့် ယာဉ်လိုင်းများ ပြေဆွဲမှု ရပ်တန့်ထားကြောင်း သိရသည်။












Leave a Comments