တရုတ် – မြန်မာနယ်စပ် သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် တရုတ်ယွမ်ငွေ (၁၀၀) ကို မြန်မာကျပ်ငွေ ကိုးသောင်း (၉၀,၀၀၀) အထိ မြင့်တက်နေကြောင်း စုံစမ်းသိရသည်။
ယနေ့ (သြဂုတ်လ ၁၃ ရက်)တွင် တရုတ်ယွမ်ငွေ (၁၀၀)လျှင် မြန်မာကျပ်ငွေ ကိုးသောင်း (၉၀,၀၀၀)အထိ မြင့်တက်နေပြီး၊ တစ်ပတ်အတွင်း မြန်မာငွေ နှစ်သောင်းကျပ်ကျော်ထိ မြင့်တက်ခဲ့ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“နှစ်လ အတွင်းကို ကျပ်တစ်သိန်းလောက်ထိတော့တက်နိုင်မယ်ထင်တယ်ဒီလိုပုံစံအတိုင်းဆိုရင်။ကြက်ဥတွေကလည်း ဈေးတွေကတက်လို့။ တစ်ရက်တစ်ရက် စိတ်ကိုမသက်သာဘူး ငွေဈေးတွေကြောင့် စိတ်ကို ညစ်နေရတယ်။” မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထိုငွေဈေးနှုန်းများ နေ့စဉ် မြင့်တက်လာသည့်အပြင် တိုက်ပွဲများကြောင့် လမ်းများပိတ်ကာ ကုန်ဈေးနှုန်းများလည်း နေ့စဉ်ဆက်တိုက်မြင့်တက်နေသည့် အတွက် ဒေသခံများ အခက်အခဲကြုံတွေ့နေရသည်။
ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်တွင်လည်း တရုတ်ယွမ် ၁၀၀ လျှင် မြန်မာငွေကျပ် ခြောက်သောင်း ခုနှစ်ထောင် (၆၇,၀၀၀) ကျပ်ထိ ရှိနေကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်စနစ်၏ မူဝါဒ ပြောင်းလဲမှုနှင့် မြန်မာပြည် ထွက်ကုန်ပစ္စည်း မရှိသည့်အတွက် အမေရိကန် ဒေါ်လာဈေးနှင့်အတူ တရုတ်ယွမ်ငွေ ၊ ထိုင်းဘတ်ငွေ များလည်းတရိပ်ရိပ်မြှင့်တက်လာပြီး မကြုံစဖူး စျေးမြင့်တက်သည့် ရောက်ရှိနေသည်။
ထိုမြှင့်တက်နေသည့် ကုန်စျေးနှုန်များကြောင့် ပြည်သူများလည်း တစ်နေ့ထက် တစ်နေ့ ပိုကြပ်တည်းလာကာ ကုန်စျေးနှုန်းများလည်း ထင်မထားသည့် စျေးနှုန်းထိရောက်ရှိလာကြောင်း မူဆယ်မြို့ဒေသခံများက ပြောဆိုလိုက်သည်။
“ အခု ကြက်ဥတစ်လုံး ၅၀၀ကျပ်ထိ ရောက်နေပြီ။ ဒီကုန်စျေးနှုန်းတွေ ဘယ်လိုထိန်းချုပ်ကြမှာလဲ။ ပြည်သူတွေက ဒီထက်ပိုကြပ်တည်မယ်။ ဝင်ငွေမရှိတော့ ထွက်ငွေနဲ့ဆိုရင် ဘဝတွေက ပိုဆိုးဖို့ပဲရှိတယ်” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိအချိန်ထိ မူဆယ်မြို့သည် တိုက်ပွဲမဖြစ်ပွားသေးသည့် ဒေသတစ်ခုဖြစ်နေသေးကြောင်း သိရသည်။