သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ NDAA ၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းလင်းသည် ကင်ဆာရောဂါဖြင့် တရုတ်နိုင်ငံတွင် ကွယ်လွန်သွားကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (ဩဂုတ်လ ၈ ရက်) ညပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) ရှိ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ခေါ် )မိုင်းလားတပ်ဖွဲ့ NDAA/ESS ၏ ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် ကင်ဆာရောဂါဖြင့် တရုတ်နိုင်ငံ ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း ဦးစိုင်းလင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။
“ဥက္ကဋ္ဌကြီးက တရုတ်ပြည်ထဲက ဆေးရုံတစ်ခုမှာ ပုံမှန်ဖြစ်နေကျ ကင်ဆာရောဂါနဲ့ မနေ့ညက ဆုံးသွားပါတယ်။ အခု မိုင်းလားကို ပြန်သယ်ဖို့ လုပ်ဆောင်နေပါတယ်”ဟု ဦးစိုင်းလင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် သေဆုံးသူ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း၏ ရုပ်ကလာပ်ကို မိုင်းလားမြို့သို့ ပြန်လည်သယ်ဆောင်ရန် လုပ်ဆောင်နေပြီး ဈာပနအစီအစဉ်ကို မသိနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
မိုင်းလားတပ်ဖွဲ့ NDAA ၏ ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် ကိုးကန့်တပ်ဖွဲ့ MNDAA တည်ထောင်သူ ဖုန်ကြားရှင်၏ သမီးဖြစ်သူ ဒေါ်နန်းရင်နှင့် လက်ထပ်ထားပြီး သားမက် တော်စပ်သည်။

ဦးစိုင်းလင်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၈၁၅ စစ်ဒေသ၏ တပ်မှူးတစ်ဦး ဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၉ ရက်တွင် ဗကပမှ ခွဲထွက်ကာ NDAAကို တည်ထောင်ခဲ့သည်။
NDAA ၏ ဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်သည့် ဦးထိန်လင်းသည် ဦးစိုင်းလင်း၏ သားဖြစ်ပြီး မိုင်းလားတပ်ဖွဲ့ အနေဖြင့် သျှမ်းပြည်အရှေ့ပိုင်း မြန်မာ-တရုတ်နယ်စပ်ရှိ မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသများကို အထူးဒေသ(၄) အဖြစ် ထိန်းချုပ်ထားသည်။












Leave a Comments