သျှမ်းပြည် ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးပြီး ဒရုန်းတစ်စင်းနှင့် လက်နက်ခဲယမ်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များဘက်က သိမ်းဆည်းရမိကြောင်း သိရသည်။
ဆီဆိုင်မြို့၏ အရှေ့ဘက် ၆ မိုင်ခန့်သာဝေးကွာသည့် လွယ်ထွဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ် PNO နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA တို့ ယမန်နေ့( သြဂုတ် ၆) ရက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
“တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။ ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်လွယ်ထွဲကျေးရွာအနီးမှာပေါ့။ တိုက်ပွဲထဲမှာတော့ စစ်ကောင်စီရဲ့ အလောင်း ၁၀ ကျော်၊ ဒရုန်း တစ်စင်းနဲ့ လက်နက် ၁၀ လတ် သိမ်းဆည်းရမိတာရှိပါတယ်” ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်းရိန်းယံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် မီးရယ်ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး စစ်ဘေးရှောင် ၂ ဦးကျည်စထိမှန် သေဆုံးသွားခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၄ ရက်နေ့တွင်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဌာနချုပ်ရှိရာ ကဒူးကြီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇွန်လနောက်ဆုံးပတ်မှစ၍ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ တစ်လကျော်ပြီဖြစ်သော်လည်း PNLA ဌာနချုပ်ဗုံးကြဲခံရပြီးနောက် ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဆီဆိုင်မြို့နယ်အတွင်း ပြန်လည်ဖြစ်ပွားလာသည့်တိုက်ပွဲများကြောင့် ပြည်သူ့ ခန့်မှန်းခြေ ၁,၀၀၀ ဝန်းကျင် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။












Leave a Comments