သျှမ်းပြည် မိုင်းရယ်မြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁ ဦး နှင့် စစ်ကောင်စီ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (သြဂုတ်လ ၄ ရက်) နေ့လည် ၁၁ နာရီကျော်တွင် မိုင်းရယ်မြို့ ပြည်သူ့ ဆေးရုံအရှေ့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး၊ ပြည်သူ ၁ ဦးနှင့် စစ်ကောင်စီ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စစ်ကောင်စီတပ်တွေက ဟိုယ ဘက်ကနေ ကား ၃ စီး လူအင်အား ၅၀ လောက်နဲ့ လာတာ။ပြီးတော့ ဆေးရုံရှေ့ မှာရပ်တာ။အဲ့နားတစ်ဝှိက်ကလည်း သူတို့စစ်သားပဲ ၇ ယောက်လောက်စောင့်နေတာ။အချင်းချင်း သတင်း မကြားထားလို့ထင်တယ် ဟိုယဘက်ကနေ ဝင်လာတဲ့ တပ်သားတွေကို ပစ်လိုက်တာ။အချင်းချင်းလည်း ထိတယ်။ ဆေးရုံနားက ပြည်သူလည်းတစ်ယောက်ထိတယ်။”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယနေ့ (သြဂုတ်လ ၅ ရက်) နံနက်တွင်လည်း မိုင်းရယ်မြို့နယ် ဟိုယကျေးရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုပြင် ပြီးခဲ့သည့် (သြဂုတ်လ ၃ ရက်) တွင် တန့်ယန်းမြို့နယ် ဝမ်ကတ်ကျေးရွာ မှ စစ်ကောင်စီ ကား ၂၀ စီးခန့် လူအင်အား၊လက်နက်အင်အားအပြည့်ဖြင့် မိုင်းရယ်မြို့နယ်သို့ စစ်အင်အားဖြည့်ခဲ့ကြောင်း စစ်ရေးသတင်းရစ်မြစ်တစ်ဦးက ဆက်ပြောသည်။
ပြီးခဲ့သည့် (ဇူလိုင်လ ၁၃ ရက်) တွင် မိုင်းရယ်မြို့ပေါ်သို့ SSPP ဌာနချုပ် ဝမ်ဟိုင်းမှ တပ်အင်အား အများအပြား ဝင်ရောက်နေရာယူထားပြီး မြို့ပတ်လည်တွင် လုံခြုံရေးယူထားသော်လည်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်နေကြောင်း သိသည်။
မိုင်းရယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝမ်စန့်နှင့် ဟိုယရှိ တပ်စခန်းအသေးများမှာ တပ်ဆုတ်သွားပြီး ကိုးကန့်တပ်ဖွဲ့ MNDAA လည်း နမ့်ထွန်၊ ကွန်ယက်နှင့် ဟိုတိကျေးရွာအနီးတွင် တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။












Leave a Comments