သျှမ်းပြည် ‘ဝ’ဒေသအတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၀ ဦးကို ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သတင်းသိရသည်။
ယမန်နေ့ (ဩဂုတ်လ ၁ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသ ပန်ဆန်းမြို့ရှိ တရုတ်နယ်စပ်ဂိတ်တွင် ‘ဝ’ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည့် အွန်လိုင်းကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၀ ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း ‘ဝ’တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

‘ဝ’ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၀) ဦးတို့ကို ၎င်းတို့အသုံးပြုသည့် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများအပါအဝင် စက်ပစ္စည်းတို့ကိုလည်း တရုတ်ရဲတပ်ဖွဲ့ထံ တပါတည်း လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၂၃ စက်တင်ဘာလ အတွင်းကလည်း ‘ဝ’ဒေသအတွင်း ဖမ်းဆီးရမိသည့် အွန်လိုင်းကျားဖြန့် ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်သူ တရုတ်နိုင်ငံသား (၁၂၀၀) ကျော်ကိုလည်း တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မိုင်းရှူးမြို့နယ်တွင် တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသခံ လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့က ကား ၅ စီးဖြင့် တရုတ်အလိုရှိနေသည့် “ဝ”တပ်ဖွဲ့ UWSA ၏ ဆောက်လုပ်ရေးဌာနမှ ပေါက်အိုက်ပန်း (Chen Yanban) နှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော့ (Sheng Yankui) တို့ကို လာရောက်ရှာဖွေခဲ့ကြောင်း မိုင်းရှူးဒေသခံများထံမှ သိရသည်။












Leave a Comments