သျှမ်းပြည် မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်ယွမ်ငွေ (၁၀၀) ကို မြန်မာ
ငွေကျပ် ခြောက်သောင်းခုနစ်ထောင်ကျော်အထိ မြင့်တက်နေကြောင်း စုံစမ်းသိရသည်။
ယနေ့ (ဇူလိုင် ၂၉ ရက်)တွင် တရုတ်ယွမ် (၁၀၀) လျှင် မြန်မာကျပ်ငွေ ခြောက်သောင်းခုနစ်ထောင်ကျော် (၆၇,၀၀၀)ကျော်အထိ မြင့်တက်နေပြီး၊ နှစ်ပတ်အတွင်း မြန်မာကျပ်ငွေ လေးထောင်ကျော်ထိ မြင့်တက်ခဲ့ကြောင်း မူဆယ်မြို့ဒေသခံများက ပြောသည်။
“ဒီနေ့ တရုတ်ငွေကနေ မြန်မာငွေလှဲရင် (၆၆၇၀၀) လောက်ရှိတယ်။ မြန်မာငွေကနေ တရုတ်ငွေ လှဲချင်ရင်တော့ (၆၇၀၀၀) ကျော် ရှိတယ်။ တနေ့တခြား ငွေဈေးတွေကတော့ နေ့တိုင်းတက်နေတာပဲ”ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုငွေဈေးနှုန်းများ မြင့်တက်လာသည့်အပြင် တိုက်ပွဲများကြောင့် လမ်းများပိတ်ကာ ကုန်ဈေးနှုန်းများလည်း နေ့စဉ်မြင့်တက်လာသည့်အတွက် ဒေသခံများ အခက်အခဲ ကြုံတွေ့နေကြကြောင်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ အတွက်တောင် တော်တော်ခက်ခဲနေတယ်။ ကုန်ဈေးတွေလည်း တဖြည်းဖြည်းကို တက်နေတာ ချွေသာသုံးနေရတယ်။ တိုက်ပွဲတွေဖြစ်ပြီး လမ်းတွေ ပိတ်နေတော့ မြန်မာနိုင်ငံထဲက ကုန်တွေလည်း ဒီတရုတ်နယ်စပ် မူဆယ်ဘက်ကို မရောက်ဘူး။ နေ့စားလိုက်နေတဲ့ လူတွေဆိုရင် ပိုပြီးတောင် ခက်ခဲမှာပေါ့”ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်တွင်လည်း တရုတ်ယွမ် ၁၀၀ လျှင် မြန်မာငွေကျပ် ခြောက်သောင်း လေးထောင်သုံးရာ (၆၄,၃၀၀) မှ ခြောက်သောင်းငါးထောင် (၆၅,၀၀၀) ကျပ်ထိ ရှိကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်စနစ်၏ မူဝါဒ ပြောင်းလဲမှုနှင့် မြန်မာပြည် ထွက်ကုန်ပစ္စည်း မရှိသည့်အတွက် အမေရိကန် ဒေါ်လာဈေးနှင့်အတူ တရုတ်ယွမ်ငွေ ၊ ထိုင်းဘတ်ငွေ များလည်း မြင့်တက်လာခဲ့ရကြောင်း သိရသည်။