အမျိုးသားရေးဆရာတော်လို့သိကြတဲ့ ဦးအရိယာဝံသ (ခေါ်) ပေါက်ကိုယ်တော်က သျှမ်းလူမျိုးတွေ၊ သျှမ်းဆရာတော်တွေအနေနဲ့ ညီညီညွတ်ညွတ်ရှိရင် ပလောင် (တအာင်း) တွေကို တံထွေးနဲ့ထွေးလို့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
ပေါက်ကိုယ်တော် အရိယဝံသဟာ မဘသဦးဆောင်ဘုန်ကြီး ဦးဝီရသူရဲ့ လက်ရင်းတပည့်ဖြစ်ပြီး မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
ဇူလိုင် ၉ ရက်က “ပေါက်ကိုယ်တော်” YouTube ချယ်နယ်ကနေ သျှမ်းမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအကြောင်းကိုအခြေခံပြီး သျှမ်းနဲ့ ပလောင် (တအာင်း) တွေအကြား သွေးခွဲအောင် လူမျိုးရေး ခွဲခြားဆက်ဆံတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုခဲ့တာပါ။
ရုပ်သံဗီဒီယိုဖိုင်ဟာ ၅ မိနစ်နဲ့ ၄၀ စက္ကန့်သာကြာမြင့်ပြီး ကြည့်ရှု့သူပေါင်း ၆,၆၀၀ ကျော်ရှိပါတယ်။
၎င်းက “ရှမ်းလူမျိုးတွေ၊ ရှမ်းလူငယ်တွေကို စည်းရုံးပါ။ နမ့်ခမ်းဆိုတာကလည်း ရှမ်းပြည်ပါ။ အဲ့ပလောင်တွေ သိမ်းလိုက်တဲ့နေရာတွေက တကယ့်ရှမ်းပြည်ပါ။ ရှမ်းလူမျိုးတွေ သူတို့ကပပျောက်အောင် လုပ်နေတာ။ ရှမ်းလူမျိုးတွေသာ ညီညွတ်မယ်ဆိုရင် အဲ့ပလောင်တွေကို စထွေးနဲ့ထွေးပလိုက်လို့ရပါတယ်” (မူရင်းအတိုင်း) လို့ ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်မှာလည်း ကချင်လူမျိုးတွေ ၃၀ ရာခိုင်နှုန်းသာရှိပြီး ကျန်တာ ဗမာနဲ့ သျှမ်းတိုင်းရင်းသားတွေ ဖြစ်ကြောင်း ထည့်ပြောပါတယ်။
အဲ့ဒီပြောဆိုမှုအပေါ် လူမျိုး၊ ဘာသာမရွေး အခက်အခဲတွေကို ကယ်တင်ပေးနေတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဆရာတော်တစ်ပါးကတော့ အခုလိုမိန့်ကြားပါတယ်။
“ပြောချင်တာပြောနေတော့ စည်းတွေကမ်းတွေက မရှိတော့ဘူး။ ဒေါသတွေဦးစီးနေတာပေါ့လေ။ မကျေနပ်ချက်တွေ၊ ဒေါသတွေ ဦးစီးနေတော့ ပြောချင်ရာပြောနေတာပေါ့။ ဒါကတော့ ရဟန်းတစ်ပါး အနေနဲ့ကတော့ မပြောသင့်၊ မပြောအပ်တဲ့ကိစ္စပေါ့။ ရဟန်းဆိုတာက ကိုယ်ရဲ့ပယောဂ၊ ကိုယ်ရဲ့စကားလုံး ကြောင့်မို့ သူများတွေကို ဒေါသဖြစ်စေတာ၊ ထင်ယောင်ထင်မှား မောဟတွေ ဖြစ်စေတာ ရဟန်းတစ်ပါးအနေနဲ့ မလုပ်သင့်၊ မပြောသင့်တဲ့စကားတွေပေါ့” လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
အခုကာလမှာ ရဟန်းတော်ကနေပြီးတော့ ပယောဂ အပြောအဆို၊ အရေးအသားတွေကြောင့် တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ပြီး ထိခိုက်သွားတာ၊ အသက်ဆုံးရှုံးတာ၊ ပျက်ဆီးသွားတယ်ဆိုရင် အင်မတန်အပြစ်ကြီးတဲ့ ကိစ္စလို့ ဆိုပါတယ်။
သျှမ်းပြည်နိုင်ငံရေး၊ လူမျိုးရေး စောင့်ကြည့်လေ့လာနေသူတစ်ဦးကလည်း ထိလွယ်ရှလွယ်တဲ့ အသုံးအနှုန်းတွေကို ရှောင်ရှားသင့်တယ်လို့ ပြောပါတယ်။
“ဒီအချိန် ပေါက်ကိုယ်တော်ပြောတဲ့ အသုံးအနှုန်း၊ ဝေဖန်သုံးသပ်ချပ်လိုမျိုးက သတိထားသင့်တဲ့ အနေအထားပါ။ ဒီအသုံးအနှုန်းတွေက ပြဿနာကို ဓာတ်ဆီနဲ့ မီးပုံလောင်းသလိုမျိုး အသုံးအနှုန်းကို ရှောင်ရှားသင့်တယ်။ အမှန်တော့ သျှမ်းနဲ့ ပလောင်ဆိုတာ နှစ်ပေါင်းထောင်ချီ အတူရှင်တွဲနေထိုင်လာကြတဲ့ လူမျိုးတွေဖြစ်ကြတယ်။ ဒါမဲ့ လက်ရှိ “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေက ဒါတပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တယ်လို့ ကျနော်တို့မြင်မိတယ်။ အခုအနေအထားအရ ပွတ်တိုက်မှု ရှိကောင်းရှိလာပါလိမ့်မယ်။ ဒါပေမဲ့ မဖြေရှင်းနိုင်တဲ့ ပြဿနာမဟုတ်ဘူးလို့ မြင်မိတယ်” လို့ သျှမ်းပြည်နိုင်ငံရေး၊ လူမျိုးရေး စောင့်ကြည့်လေ့လာသူ တစ်ဦးကပြောသည်။
ရဟန်းတော်တွေအနေနဲ့ လူမျိုးရေး၊ ဘာသာရေးမလုပ်သင့်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဆရာတော်က ထောက်ပြပါတယ်။
“ဘုန်းဘုန်းတို့အမြဲပြောတာရှိတယ်။ လူမျိုးရေးမလုပ်ပါနဲ့ လူသားအရေးလုပ်ပါ။ ဘာသာရေးမလုပ်ပါနဲ့ ဓမ္မအရေးလုပ်ပါ။ အဲ့တော့ လူမျိုးလုပ်လို့ရှိရင် လူမျိုးဘာသာအားလုံး ချစ်ခင်ယုံကြည်မှုမရနိုင်ဘူး။ လူသားအရေးလုပ်တယ်ဆိုရင် လူမျိုးဘာသာတိုင်းရဲ့ ယုံကြည်မှုတွေ ရလာမယ်။ ထို့အပြင် လူသားအရေးကို မြတ်စွာဘုရားရဲ့ ဂရုဏာ ပညာအခြေခံပြီး ပြောရမယ်လို့ရှိရင် မယုံကြည်တဲ့သူတွေတောင်မှ ယုံကြည်လာတယ်။ မမြတ်နိုးတဲ့သူတွေတောင်မှ မြတ်နိုးလာတယ်။ အဲ့တော့ လူမျိုးရေး၊ ဘာသာရေးတစ်ခုတည်းနဲ့ သွားနေမယ်လို့ရှိရင် ဒီအနာဂတ်က၊ အနာဂတ်တောင်မပြောနဲ့ အခုပစ္စိုလ်မှာတောင်မှ ပဋိက္ခတွေဖြစ်နေတာ။ နေရာရချင်တဲ့သူတွေ၊ အာဏာသတ်မက်တဲ့ ပုဂ္ဂိုလ်တွေက ဒီလူမျိုး၊ ဘာသာတွေနဲ့ဘဲ သွေးခွဲနေလို့ ဒီကနေ့ တိုင်းပြည်ပျက်ဆီးနေတာလေ “လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ အရပ်သားအစိုးရကို ဖြုတ်ချကာ မင်းအောင်လှိုင် အာဏာသိမ်းပြီး သုံးနှစ်ကျော်လာချိန်မှာ စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးစစ်ကြောင့် မြို့များနဲ့ စစ်စခန်းများကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။
အဲ့အချက်ကို ရည်ညွှန်းပြီး ကိုယ်ပေါက်တော်နဲ့ စစ်တပ်ထောက်ခံသူတွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရာထူးကနေဆင်းဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက် ပြင်ဦးလွင်မြို့မှာပြုလုပ်တဲ့ စစ်တပ်ထောက်ခံပွဲမှာ တောင်းဆိုခဲ့ပါတယ်။
သူဟာ ၂၀၁၈ အတွင်းက NLD အစိုရ ပြုတ်ကျရေးအတွက် မန္တလေးမှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့တာကြောင့် အခြားမဘသဘုန်းကြီးတွေနဲ့အတူ ဖမ်းခံခဲ့ရပြီး မန္တလေးအိုးဘိုထောင်တွင်း တစ်နှစ်ခန့်အကျဉ်းကျခဲ့ဖူးတယ်လို့ Myanmar Now မှာဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ပျူစောထီး ပြည်သူ့စစ်ဖွဲ့ရေးအတွက် စစ်တပ်ကို အကူညီပေးသူလည်း ဖြစ်ပါတယ်












Leave a Comments