တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ လေးရက်ကြာ တစ်ဖက်သက် အပစ်ရပ်ထားစဉ် မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် မိခင်နှင့် ကလေး ပွဲချင်းပြီး သေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ည ၉ နာရီခန့်တွင် မိုးကုတ်မြို့ အနောက်ပိုင်းရှိ ပန်းမချယ်ရီကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် မိခင်နှင့် ကလေး ပွဲချင်းပြီး သေဆုံး၍ အမျိုးသမီး ၂ ဦးနှင့် ကလေးတစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။

“မနေ့ည ၉ နာရီဝန်းကျင်မှာ ပန်းမချယ်ရီဘက် လက်နက်ကြီးကျလို့ သားအမိနှစ်ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ ကလေးတစ်ယောက်ထိတာလည်း မသက်သာဘူး။ နောက်တစ်အိမ်က လင်မယားနှစ်ယောက်လည်း လက်နက်ကြီးကျည်စ မှန်တယ်”ဟု မိုးကုတ်မြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကောင်စီတပ်စွဲထားသည့် မိုးကုတ်ဗျူဟာကုန်းမှတဆင့် ရေအေးရပ်ကွက်နှင့် ပန်းမရွာဘက်သို့ ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) ည ၉ နာရီ ဝန်းကျင်ခန့်တွင် လက်နက်ကြီးဖြင့် စုစုပေါင်း (၆) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။
အလားတူ ဇူလိုင်လ ၁၄ ရက်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း သဖန်းပင်၊ စစ်တန်းကုန်း၊ မြို့မနှင့် မင်းတံတားရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၃) ဦး သေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှ ပြန်လည်စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲ သုံးပတ်ကြာကာလအတွင်း လေကြောင်းဗုံးနှင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၆၇) ဦး သေဆုံးပြီး (၁၀၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA မှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ-၇၁/၈၈ တပ်စခန်းများကို TNLA + PLA + PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။












Leave a Comments