သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ-၆၇ မှ ဟိုယကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့် တစ်ဘက်သက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (ဇူလိုင်လ ၄ ရက်) ည ၇ နာရီခွဲခန့်တွင် မိုင်းရယ်မြို့နယ်အတွင်း ဟိုယ-တန့်ယန်းလမ်းခွဲရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၇ မှ ဟိုယကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အထက(ခွဲ) စာသင်ကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။
“မနေ့ညက (၇)နာရီခွဲမှာ တစ်ခါ ရွာထဲ လက်နက်ကြီး ထပ်ကျတယ်။ နေ့လယ်ကလည်း ၃ နာရီကျော်လောက်မှာ အရင်ကျသေးတယ်၊ ခိုလောင်း (၆၇) တပ်ရင်းက ပစ်တာ။ ဝမ်လုံဘက် ထမင်းဆိုင်ရှိတဲ့ဘက်ကို ပစ်သွားတာပဲ။ အထကကျောင်းနဲ့ သိပ်မဝေးဘူး လက်နက်ကြီးကျတာ၊ ကြံ့ခိုင်ရေးရုံးနားလေး ကျတယ်လို့လည်း ပြောတယ်”ဟု မိုင်းရယ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယနေ့ (ဇူလိုင်လ ၅ ရက်) နေ့လယ် ၁၂ နာရီခွဲကျော်တွင် ခလရ-၆၇ တပ်ရင်းမှ ဟိုယကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့် တစ်ဘက်သက် ထပ်မံပစ်ခတ်နေပြီး ညီနောင်မဟာမိတ်တပ်များလည်း လားရှိုး-မိုင်းရယ် ကားလမ်းမကြီးတစ်လျှောက် အင်အားဖြည့်တင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
“လားရှိုး၊ နမ့်ပေါင်က မိုင်းရယ်ကို ရှောင်လာချင်လည်း မလာနိုင်တော့ဘူး၊ ကိုးကန့်တပ်က ပေးမသွားတော့ဘူး။ စစ်အင်အားဖြည့်ဖို့လည်း ကိုးကန့်တပ်က ကားနဲ့ သွားလာနေတာ။ မနေ့ကတော့ အစောပိုင်းက သေနတ်အရင်ဖောက်တာ၊ နောက်မှ လက်နက်ကြီးနဲ့ပစ်တာ”ဟု မိုင်းရယ်မြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ ယမန်နေ့ (ဇူလိုင်လ ၄ )တွင် မိုင်းရယ်မြို့နယ် နမ့်တုံနှင့် ကုံးမုံရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး (၆)လုံး ပစ်ခတ်ခဲ့ပြီး တန့်ယန်းမြို့နယ် လွယ်လိန်းတောင်ဘက်သို့လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံ မိုင်းရယ် ခလရ-၆၇ တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဟိုယကျေးရွာအုပ်စုအတွင်းရှိ ပန်ညောင်နှင့် ဝမ်လုံကျေးရွာတို့မှ ရွာသား ၃၀၀ ခန့်သည် လွယ်ဟန်းဘုန်းကြီးကျောင်းနှင့် ကောင်းမောင်ရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းရယ်မြို့နယ်အတွင်း သျှမ်းတပ် SSPP/SSA အဓိက လှုပ်ရှားနေပြီး ၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်၍ ညီနောင်မဟာမိတ်တပ်များဖြစ်သည့် TNLA နှင့် MNDAA တပ်တို့လည်း သွားလာနေသည်ကို တွေ့မြင်လာရကြောင်း ဒေသခံများက ပြောသည်။












Leave a Comments