Friday, July 5, 2024

လားရှိုး တိုက်ပွဲပြင်းထန်နေမှုကြောင့် လေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲမှု ရပ်နား

Must read

သျှမ်းပြည် လားရှိုးမြို့ အနီးတဝိုက်တွင် တိုက်ပွဲများကြောင့် လားရှိုးလေဆိပ်မှ လေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲမှုကို ပြန်လည်ရပ်နားထားကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး လားရှိုးလေဆိပ်မှ လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို ယနေ့ (ဇူလိုင် ၃) ရက်မှ စပိတ်လိုက်ကြောင်း လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခုတော့ လေဆိပ်က ပိတ်ပြီ။ လေယာဉ်လက်မှတ်တွေကို လိမ်‌ရောင်းနေတာပဲ ကျန်တော့မှာ သတိထားစေချင်တယ်။ ဘယ်နေ့ထိ ပိတ်မလည်းဆိုတာ မပြောနိုင်‌သေးဘူး။ ခုကတော့ လေဆိပ်ကော ကားလမ်းတွေကော ပိတ်ကုန်ပြီ။ မြို့အဝင်အထွက်ကို တိုက်ပွဲတွေဖြစ်နေတာ”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

လားရှိုးလေဆိပ်သည် သျှမ်းပြည်မြောက်ပိုင်းရှိ တစ်ခုတည်းသော လေဆိပ်ဖြစ်ပြီး တိုက်ခိုက်ရေး ဂျက်လေယာဉ်များ ဆင်းသက်နိုင်ပါက လေကြောင်းတိုက်ခိုက်မှု အန္တရာယ် စိုးရိမ်ရကြောင်း လားရှိုးဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလ နောက်ဆုံးပတ်တွင်လည်း “၁၀၂၇ စစ်ဆင်ရေး”ကြောင့် လားရှိုးလေဆိပ်မှ လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို ပိတ်ထားခဲ့ပြီး မတ်လ တတိယပတ်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ရှိ လေယာဉ်ကွင်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလမှ စတင်၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ဖြင့် အဆင့်မြှင့်တင်ပြီး ဂျက်လေယာဉ်များကို ဆင်းသက်နိုင်သည်အထိ ပြေးလမ်းဖြစ်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article