ကချင်လွတ်လပ်ရေးတပ် KIA ၏သတင်းပေးမှုကြောင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏တပ်စခန်းကို စစ်ကောင်စီက ဗုံးကြဲခဲ့သည်ဟု သတင်းအမှားဖြန့်ချိနေသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်ဖြစ်သည့် နေပြည်တော်အကောင့်မှ ဖြန့်ချိခဲ့ပြီး ထိုဝါဒဖြန့်ချိပိုစ့်ကို ကြည်ရှု့သူပေါင်း ၆ ထောင် ၈ ရာကျော်ရှိသည်။
မူရင်းလင့် – https://archive.ph/gXvVY
သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှု ပြုလုပ်ခဲ့သည်။
ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ ဇွန်လ ၉ ရက်တွင် မိုးမိတ်မြို့နယ် ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ပေါင် (၅၀၀) ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်မှုရှိခဲ့သည့် ဖြစ်စဉ်မှာ မှန်ကန်ပါသည်။
သတင်းလင့်ခ် – https://shorturl.at/tN5eM
ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း TNLA ဘက်မှ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် မိုးကုတ်၊ မိုးမိတ်ရှိ TNLA တပ်စခန်းများအား ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပတ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင် (၅၀၀)ဗုံး အသုံးပြုကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။
မူရင်း ထုတ်ပြန်ချက် – https://archive.ph/PCEoj
သို့သော် ကချင်လွတ်လပ်ရေးတပ် KIA ၏ သတင်းပေးမှုကြောင့် တိုက်ခိုက်ခံရသည်ဟု TNLA ဘက်က ရေးသားဖော်ပြထားခြင်းမရှိပေ။
ဒေသတွင်း သတင်းဌာနများနှင့် အခြားသတင်းမီဒီယာများ၏ ဖော်ပြထားသော အချက်အလက်များအား တိုက်ဆိုင်စစ်ဆေးသည့်အခါ၌ TNLA တပ်စခန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ KIA ကပါဝင်ပတ်သက်မှုရှိနေကြောင်း ရေးသားဖော်ခြင်း မတွေ့ရပေ။
စစ်ကောင်စီတပ် ဝါဒဖြန့်ချယ်နယ်များက လိုအပ်သလို ပုံဖော်ရေးသားဖန်တီးနေခြင်းပင် ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းတွင်လည်း RCSS အပေါ် ခြိမ်းခြောက်ခဲ့သည့် DANU PDF အဖွဲ့ကို RCSS ကပြန်ပြီး ထိရောက်စွာအရေးယူမည်ဟု စစ်ကောင်စီတပ် ဝါဒဖြန့်ချယ်နယ်များက သတင်းအမှား ဖြန့်ချိခဲ့ဖူးသည်။
မူရင်းလင့်ခ် – https://burmese.shannews.org/archives/41324
စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်များသည် ဒေသတွင်း ဖော်ပြထားသော သတင်းများကို ပြန်လည်ကိုးကား၍ ၎င်းတို့လိုအပ်သလို သတင်းအချက်အလက်အမှားများကို ထည့်သွင်းရေးသားပြီး သွေးထိုးလှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ချိခြင်းများ ပြုလုပ်တတ်လေ့ရှိသည်။
လက်ရှိတွင်လည်း သျှမ်းမြောက်ဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်များက နယ်မြေများကြောင့် တပ်ဖွဲ့အချင်းချင်းကြား အငြင်းပွားခြင်း၊ ပဋိက္ခများဖြစ်ပွားခြင်း မြင့်တက်နေချိန် ပဋိက္ခမကြီး ကြီးထွားလာအောင် စစ်တပ်ဝါဒဖြန့်ချယ်နယ်များက ပုံစံအမျိုးမျိုးဖြင့် သွေးထိုးလှုံ့ဆော်နေလျက်ရှိသည်။
သျှမ်းသံတော်ဆင့် စာဖတ်ပရိသတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲစိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။
သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။












Leave a Comments