သျှမ်းပြည်တောင်ပိုင်း ၊ ဟိုပုံးမြို့ နောင်ပဖါရပ်ကွက်နေ ပြည်သူ (၂)ဦး ကို ပအိုဝ်းပြည်သူ့စစ် ( PNO )ပစ်သတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး (PNLA) က ထုတ်ပြန်ကြေညာခဲ့သည်။
ဖြစ်စဉ်မှာ မေလ ၁၅ရက် ညနေ ၈နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ လက်အောက်ခံ PNO တို့သည့် ပြည်သူ (၂)ဦးဖြစ်သည့် ဖြားခွန်လှ နှင့် ခွန်ဗွုန်း တို့၏ နေအိမ်ပေါ်တက်ပြီး ပစ်သတ်ခဲ့ကြောင်း PNLA၏ ယမန်နေ့ (ဇွန်လ ၁၁) ရက်တွင် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုPNO သတ်လိုက်သည့် ဖြားခွန်လှ နှင့် ခွန်ဗွုန်းသည် မူးယစ်ဆေးဝါးပပျောက်ရေးအကျင့်ပျက်နေသူများကို စာရိတ္တ ပြုပြင်ရေးတွင် တက်ကြွစွာ အကူအညီ ပေးနေသော သာမာန်ပြည်သူများဖြစ်ပြီး၊ PNLA နှင့် ပတ်သက်ဆက်နွယ်မှု မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီနှင့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်သည် မေလ မှ ဇွန်လ ၃ရက်အထိ ပြည်သူလူထုများကို ဖမ်းဆီး သတ်ခြင်း ၊ ပြန်ပေးဆွဲ ငွေညှစ်ခြင်း ၊ ရိုက်နှက်နှိပ်စက်ခြင်းများ ၁၀ကြိမ်ပြုလုပ်ခဲ့ကြောင်း PNLA ထုတ်ပြန်ချက်အရ သိရသည်။
အလုပ်သင် သတင်းထောက် နန်းလောဝ်ခမ်း ရေးသားသည်။












Leave a Comments