Friday, June 14, 2024

ပုံးအင်းဒေသ စပါးခင်းများ ရေလွှမ်း ပျက်စီး

Must read

သျှမ်းပြည် တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်း ပါဝင်သည့် ပုံးအင်းဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စပါးခင်းများ ရေလွှမ်းမိုးကာ ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

ယခုလ သီတင်းပတ်မှစ၍ ပုံးအင်းဒေသတွင် နေ့ရက်ရှည်ကြာ မိုးများဆက်တိုက်ရွာသွန်းမှုကြောင့် စိုက်ပျိုးခါစ သက်တမ်း ၂ လခွဲသာရှိသည့် စပါးခင်းများ ရေလွှမ်းခံနေရပြီး စပါးခင်းများပျက်စီးနေကြောင်း ပုံးအင်းဒေသခံ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုပတ်အတွင်း မရပ်မနားမိုးရွာတော့ ရေကြီးတာ။ စပါးကလည်း စိုက်ထားတာ မကြာသေးဘူး။ အစောပိုင်း စိုက်တဲ့သူတွေတောင်မှ သက်တမ်း ၂ လခွဲလောက်ပဲ ရှိသေးတယ်။ ဆိုတော့ ရေထဲမှာမြုပ်နေတာကြာရင်တော့ ပုတ်သိုး၊ ဆွေးကုန်ပြီပေါ့။ ဘယ်လိုမှပြန်ယူလို့လည်းမရတော့ဘူး။ စပါးကလည်း မထွက်သေးဘူး” ဟု ၎င်းကပြောသည်။

ရေလွှမ်းမိုးခံရသည့် ပုံးအင်းဒေသက စပါးခင်း ဧကပေါင်း ထောင်နှင့်ချီရှိပြီး အများစုမှာ နောင်စန့်ကျေးရွာနှင့် ဆိုင်လဲကျေးရွာက တောင်သူများ၏ စပါးခင်းများဖြစ်ကြောင်း သိရသည်။

ပုံးအင်းဒေသတွင် နှစ်စဉ်နှစ်တိုင်း မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသော်လည်း ယခုနှစ်တွင် ယခင်နှစ်များထက် ၂ လပိုစော၍ ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးရွာသွန်းရာ ရေကြီးရေလျှံ ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ကျနော်တို့ ပုံးအင်းကတောင်သူတွေကတော့ အဓိကစပါးကို အားကိုးပြီးစိုက်ကြတာ။ အခုက စပါးမထွက် ခင်မှာတင် အရှုံးပေါ်နေပြီ။ ကျနော်တို့အတွက်က စပါးမစိုက်စားရင်လည်း ခက်တယ်။ ဂဏာန်း၊ ငါးတွေ ရှာဖမ်းပြီး စားရတယ်။ တစ်ဖက်ကလည်း တပ်သားသစ်ကောက်တာနဲ့ မသွားချင်လို့ ပိုက်ဆံထည့်ပေးရ တာလည်း ရှိတယ်။ သူများက ရန်သူမျိုးငါးပါးလို့သာ ပြောကြတယ်၊ ကျနော်တို့ကတော့ ရန်သူမျိုးဆယ်ပါးခံနေပြီ။ ဒီနှစ်တော့ တကယ့်ငရဲနှစ်ပဲ” ဟု နောင်စန့်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ပုံးအင်းဒေသသည် သျှမ်းပြည်တောင်ပိုင်းတွင် နာမည်ကြီး ပုံးအင်းဆန်၊ နောင်မွန်ဆန်ဟူ၍လည်း စပါးအများဆုံး စိုက်ပျိုးသော ဒေသတစ်ခုအဖြစ် လူများသိရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း ပုံးအင်းဒေသတွင် ရေကြီးရေလျှံဖြစ်ပွားခြင်းကြောင့် စပါးစိုက်ခင်း ဧကပေါင်း ၂ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

ထိုစဉ်က သဘာဝဘေး အန္တရာယ်ကြောင့် ရေလွှမ်းမိုးခံရပြီး ပျက်စီးရှုံးဆုံးသွားသည့် စပါးခင်းများကို စိုက်ပျိုးရေး ဦးစီးဌာနက လယ်တစ်ဧကကို မြန်မာကျပ်ငွေ ၂ သိန်းဖြင့် ထောက်ပံ့ကြေးပေးမည်ဟု ပြောခဲ့သော်လည်း ကျပ် ၁၀၀ လျှင် အတိုးနှုန်း ၉၀ ပြားနှုန်းဖြင့် တောင်သူများက ပြန်ဆပ်ခဲ့ရသည်။

လက်ရှိတွင် ရေကြီးရေလျှံဖြစ်ပွားခြင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် စပါးစိုက်ခင်းများအတွက် ထောက်ပံ့ကြေးရရန် ပုံးအင်းတောင်သူများက မျှော်လင့်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article