နိုင်ငံခြားငွေကြေး ကစားမှုနှင့် ငွေလွှဲ ဟွန်ဒီ လုပ်ငန်း ဆောင်ရွက်မှု စွပ်စွဲချက်ဖြင့် လူ ၃၉ ဦးကို ဖမ်းဆီးလိုက်ပြီး ၄င်းတို့၏ ဘဏ်ငွေစာရင်းများနှင့် Pay Account များ ပိတ်သိမ်းကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ယမန်နေ့ (ဇွန်လ ၄ ရက်) ညပိုင်းက ထုတ်ပြန်သည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်မှ ယမန်နေ့ (ဇွန်လ ၄ ရက်နေ့) အထိ နိုင်ငံခြား လုပ်ငန်း လုပ်ကိုင်သူ ၃၉ ဦးကို ဖမ်းဆီးပြီး ဘဏ်အကောင့်များ ပိတ်သိမ်းခဲ့ကြောင်း၊ ထပ်မံ ဖမ်းဆီးရန်လည်း စစ်ဆေးနေကြောင်း စစ်ကောင်စီက ဆိုသည်။
ယင်းဖမ်းဆီးမှုများနှင့် ပတ်သက်၍ “၃၉ ယောက်ဆိုတာက ဖမ်းမိတာကို ပြောတာနေမယ်။ အခုက စာရင်းပေါက်တဲ့ ငွေအရောင်းအဝယ်နဲ့ ဟွန်ဒီသမား အားလုံးကို လိုက်ဆွဲနေတာ။ အကုန်ရှောင်နေကြတယ်။ ငွေစျေးကွက် ပိတ်သလောက်ဖြစ်နေတယ်” ဟု ငွေကြေး စျေးကွက် နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ထို့အပြင် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော မီဒီယာများနှင့် အဖျက်သမားများက လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသား ထုတ်လွှင့်နေကြောင်း စစ်ကောင်စီက စွပ်စွဲသည်။
ဘဏ်များကို လိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ စောင့်ကြည့်လျက်ရှိသဖြင့် ပြည်သူမျာ အနေဖြင့် စိုးရိမ်ရန် မလိုဘဲ ယုံကြည်စိတ်ချစွာ ဘဏ်ဝန်ဆောင်မှုများ သုံးစွဲနိုင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဆိုသည်။
ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်း၊ နိုင်ငံခြားငွေ ကစားသူများနှင့် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများသည် တရားဝင် လိုင်စင် မရှိသည့်အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေဖြင့် အရေးယူမည်ဟု စစ်ကောင်စီက မေလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းသို့ ထုတ်ပြန်ပြီးနောက် ဇွန်လ ၃ရက်တွင်လည်း ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများ ပြည်းတွင်း၌ ရောင်းချသူနှင့် ဝယ်ယူသူများကို ဖမ်းဆီးထားပြီး၊ နိုင်ငံခြားငွေ ရောင်းဝယ်သူများကိုလည်း ဖမ်းဆီးခဲ့သည်။
အလားတူ ဒေါ်လာစျေး တရှိန်ထိုးတက်မှု အကြောင်းပြချက်ဖြင့် နိုင်ငံခြားငွေ ရောင်းဝယ်သူ ၁၄ ဦးကို ထပ်မံ ဖမ်းဆီး စစ်ဆေးနေပြီး ၁၁ ဦး ထွက်ပြေး တိမ်းရှောင်နေကြောင်း စီကောင်စီက ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ရက် ရွှေဈေးနှုန်း ဆွဲတင်သည်ဟုဆိုကာ ရွှေကုန်သည် ၂၁ ဦးအား ဖမ်းဆီးခဲ့ပြီး နာမည်ကြီး ရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်နှင့် အကယ်ဒမီ အပါအဝင် ရွှေဆိုင် ပိုင်ရှင် ၇ ဦးနှင့် ပွဲစား ၃ ဦးကို ဖမ်းဝရမ်း ထုတ်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
တရားမဝင် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများကို ထွေအုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်း စုံစမ်းကာ လူ ၉၉ဦးကို စစ်ဆေးကာ ယင်းအနက် လူ ၂၀ ကို အရေးယူ တရားစွဲဆိုခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဇန်နဝါရီ ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။