မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (ဇွန်လ ၂) ရက်၊ ညနေ ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ရပ်ကွက်၊ ရွှေသမင်ဘုန်းကြီး ကျောင်းအနီး၌ အသက် ၆၀ ခန့်အရွယ် (မန်ပြိန်းပြည်သူ့စစ်အဖွဲ့ဝင်) ဦးဝူစီဖာ (ခ) ဦးကျော်နိုင်ကို လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိအမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွားခဲ့ကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၃ ယောက်က ကားစီးလာပြီးတော့ သူ့အိမ်ရှေ့မှာ သေနတ်ထောက်ပြီး ကားပေါ်ခေါ်တင်သွားတာပဲ။ ဘယ်သူ့မှလည်း မကူရဲဘူး။ သူကအိမ်ရှေ့မှာဖုန်းထိုင်သုံးနေတဲ့အချိန်မှာ ရုတ်တရက်ကားတစ်စီးရောက်ချလာပြီး ခေါ်သွားတာ” ဟု ၎င်းကပြောသည်။
ပြန်ပေးဆွဲသူများသည် Crown ကား စီး၍ မျက်နှာဖုံးစွပ် လူငယ်လူရွယ် အရွယ်ကောင်းများဖြစ်ကြသည်။
သို့သော် ထိုသူများသည် မည်သည့်အဖွဲ့အစည်း၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များမသိ မကြာခဏမူဆယ်မြို့ပေါ်တွင် သောင်းကျန်းနေသည့် ပြန်ပေးဆွဲဂိုဏ်များဖြစ်သည်ဟု ဒေသခံများကပြောသည်။
လက်ရှိ ပြန်ပေးဆွဲခံရသူ မန်ပြိန်းပြည်သူ့စစ်အဖွဲ့ဝင် ဦးဝူစီဖာ (ခ) ဦးကျော်နိုင်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း အခြေအနေကို မသိရသေးပေ။
ထိုသို့ ကြည့်ခြင်းအားဖြင့် မူဆယ်မြို့တွင် တရားဥပဒေလွှမ်းမိုးမှု လုံးဝမရှိသည့် မြို့ဖြစ်ကြောင်း သက်သေပြနေပြီး ပြည်သူ့စစ်အဖွဲ့ဝင် ကိုယ်တိုင်က ပြန်ပေးဆွဲခံရသည့်အဆင့်ထိ အာဏာပိုင်များသည် မနှိမ်နင်းနိုင်ခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၉ ရက်တွင်လည်း မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်၊ Best House ဟိုတယ်အနီး ဖွင့်လှစ်ထားသည့် ဆေးခန်းမှ ဆရာဝန်ဒေါ်တာမိုးကျော်နိုင်ကို အမည်မသိ လူ ၄ ဦးက ပြန်ပေးဆွဲသွားခဲ့ရာ တရုတ်ယွမ်ငွေ သိန်း ၃၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၁,၅၀၀ ကျော်)ဖြင့် ပြန်ရွေးထုတ်ခဲ့ရသည်။
အလားတူ မတ်လ ၂၆ ရက်ကလည်း မူဆယ်မြို့ရှိ ကောင်းမူးတုံနှင့် ဈေးရပ်ကွက်တို့တွင် တစ်ရက်အတွင်း လူပြန်ပေးဆွဲပြီး ငွေခြိမ်းခြောက်တောင်းဆိုမှု ၂ ကြိမ် ဖြစ်ပွားခဲ့သည်။
မတ်လဆန်းမှစတင်ပြီး မူဆယ်မြို့ရှိ ၎င်းလက်နက်ကိုင် အယောင်အဆောင်များက မြို့ပြပျောက်ကြားအဖွဲ့၊ မြို့တွင်းတော်လှန်သော အုပ်စုအဖွဲ့ (MRTTD) နှင့် မူဆယ် PDF အယောင်ဆောင်အဖွဲ့ (MSPDF) စသည့် နာမည်အမျိုးမျိုးဖြင့် မြို့နေလူထုကို အွန်လိုင်းမှ စာပို့ခြိမ်းခြောက် ငွေညှစ်တောင်းခံပြီး လူပြန်ပေးဆွဲမှုများ နေ့စဉ်နီးပါး ဆက်ရှိနေသေးကြောင်း သိရသည်။