Wednesday, January 28, 2026

“မပြောမဆိုနဲ့ အလစ်အငိုက်ပေါ့ သာလွန်အင်အားသုံးပြီးမှ ဖယ်ရှားတယ်”

သျှမ်းပြည် နမ့်ခမ်းမြို့နယ် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်သားများကို အင်အားသုံးဖယ်ရှားကာ ကားတင်ပြီး မူဆယ်ဘက်သို့ ပို့ဆောင်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍SSPP ပြန်ကြားရေးဌာနက မေလ (၃၁)ရက်တွင် သဘောထား ထုတ်ပြန်လာခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ကမ်းဘေးရှိ SSPP တပ်စွဲထားသည့် ကျေးရွာများသို့ TNLA တပ်ဖွဲ့မှ စစ်အင်အားဖြည့်တင်းလာပြီး ၎င်းကျေးရွာများကို ဝိုင်းရံပိတ်ဆို့ကာ SSPP တပ်သားများအား လက်နက်ကိုင် ဆောင်ခွင့်မပြုဘဲ ကားတင်ခေါ်ဆောင်ကာ မူဆယ် သို့မဟုတ် မန်ဟီးရိုးမြို့သို့ ယာဉ်တန်းဖြင့် ပို့ဆောင်ခဲ့သည်။ 

လတ်တလော အခြေအနေတွင် PSLF/TNLA နှင့် SSPP/SSA အကြား နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဘက်တပ်ဖွဲ့အကြား တင်းမာမှု ဖြစ်ပေါ်နေပြီး ၎င်းပြဿနာနှင့် ပက်သတ်၍ ဧပြီလ ၂၁ ရက်တွင် ဗဟိုအဆင့် ထိပ်သီးကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SSPP ပြန်ကြားရေးဌာနထုတ်ပြန်ချက်အရ သိရသည်။

သို့သော် TNLA တပ်ဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုသည့် ဆန္ဒမရှိကြောင်း လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် မဟာမိတ်ကျင့်ဝတ်မဲ့စွာ နိုင်ငံရေးအသာစီး ရလိုမှု၊ လူမျိုးရေး ခွဲခြားဆက်ဆံလိုမှု အခြေခံဖြင့် ဘောင်ကျော် ပြုမူပြောဆိုသည့် လုပ်ရပ်မှန်သမျှကိုSSPP/SSA က လုံးဝ ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်ကြသည့် SSPP/SSA နှင့် PSLF/TNLA နှစ်ဘက်တပ်ဖွဲ့အကြားနမ့်ခမ်းမြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသည့် တင်းမာမှုများနှင့် ပတ်သက်ပြီး SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားသည်။

မေး ။        ။ မေ ၃၁ရက် က SSPP အနေနဲ့ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်တယ်လို့ ကြားသိရပါတယ်။ ကြေညာချက် ထုတ်ပြန်ရတဲ့အကြောင်းရင်းကို ပြောပြပေးပါဦး။

ဖြေ ။        ။ ကျနော်တို့ ထုတ်ပြန်ကြေညာချက်ရဲ့ ရည်ရွယ်ချက်က ဒီ TNLA တပ်ဖွဲ့ကနေ ကျနော်တို့ ထုန့်မောဝ်း ရွှေလီချိုင့်ဝှမ်းမှာ ရှိနေတဲ့ ကျနော်တို့ တပ်ဖွဲ့တွေကို ဖယ်ရှားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့မီဒီယာကနေ ကျနော်တို့ ညှိနှိုင်းပြီးတော့မှ ဖယ်ရှားတယ်ဆိုတဲ့ဟာပေါ့နော်၊ အဲ့ဒါ  မဟုတ်ဘူးဆိုတာ ကျနော်တို့ ဖြေရှင်းချက်ထုတ်ချင်တာပါ။

တကယ်တမ်း ဒီဟာက ဘယ်လိုဖြစ်ရမလဲ၊ ကွဲလွဲပြီးမှ ထုတ်ပြန်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ပြည်သူလူထုကော၊ တခြားမဟာမိတ် အဖွဲ့အစည်းကော အထင်အမြင်မှား ဖြစ်စေတဲ့အတွက်ကြောင့် ဒါကို ပြန်ပြီးမှ ဖြေရှင်းချက် ပြုတဲ့သဘော ဖြစ်ပါတယ်ခင်ဗျ။

မေး ။        ။ တစ်ဘက်ကလည်း နမ့်ခမ်းမြို့နယ်ထဲမှာရှိတဲ့ SSPP တပ်တွေကို TNLA ကနေပြီးတော့မှ အင်အားသုံးပြီး ကားနဲ့ဖယ်ရှားလိုက်တာကိုဆိုရှယ်မီဒီယာမှာ တက်လာတာ တွေ့ရတယ်။ အဲ့ဒီဖြစ်ပေါ်တဲ့ အကြောင်းရင်းကကော ဘာကြောင့်လဲခင်ဗျ။ ထုတ်ပြန်ကြေညာချက်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ထောက်ပြတာလည်းမရှိတော့ အဲဒီကိစ္စကို ပြောပြပေးပါဦး။

ဖြေ ။        ။ သူတို့ဖယ်ရှားခဲ့တဲ့ အကြောင်းရင်းက နမ့်ခမ်းအုပ်ချုပ်ရေးကို သူတို့ပလောင်တစ်ဖွဲ့တည်း အုပ်ချုပ်ချင်တာ သူတို့ရည်ရွယ်ချက်က အဲ့လိုသဘောပေါ့။ ဒါပေမယ့် နမ့်ခမ်းမြို့နယ်ထဲမှာ ကျနော်တို့ SSPP/SSA အခြေချလာတာ နှစ်ပေါင်းမနည်းတော့ဘူးလေ။ ၁၀၂၇ စစ်ဆင်ရေး မစတင်ခင်ကတည်းက SSPP က ရှိနေပြီးသားဖြစ်တယ်။ ဆိုတော့ ဒီဟာက လွယ်လွယ်လေးနဲ့ ဒါမျိုးလာပြောရင် အဆင်မပြေဘူးလေ။

ကျနော်တို့လည်း သျှမ်းပြည်အတွင်းမှာ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူကို အခြေခံပြီးမှ သူတို့ကို အကြောင်းပြန်ထားတာ ရှိတယ်၊နမ့်ခမ်းနဲ့ ပတ်သက်တဲ့ဟာတွေပေါ့လေ။ ကျနော်တို့ စာပြန်ပြီးတဲ့နောက်ပိုင်းမှာ မပြောမဆိုနဲ့ အလစ်အငိုက်ပေါ့ သာလွန်အင်အားသုံးပြီးမှ ဖယ်ရှားတယ်။ ဆိုတော့ ဒီဟာက ညှိနှိုင်းပြီးမှ ဖြစ်ပေါ်လာတဲ့ကိစ္စမဟုတ်ဘူးဆိုတာကို မိဘပြည်သူများ သိရှိဖို့ပေါ့လေ၊ ရည်ရွယ်ချက်က ဒါကို ပြန်ပြီးမှတုံ့ပြန်ဖို့ဖြစ်တယ်။

လွေးယေဦးက ပြောထားတာက  ကျနော်တို့ ညှိနှိုင်းပြီးမှ ဖယ်ရှားတယ်လို့ ပြောတာကလေ အဲ့တာမဟုတ်ဘူး။ နယ်မြေအငြင်းပွားမှု ပြဿနာကခဏတွင်းချင်း ဖြေရှင်းလို့ရတဲ့ ပြဿနာလည်း မဟုတ်ဘူး။ ပြီးတော့ ကျနော်တို့ သျှမ်းနဲ့ ပလောင်က အတူတကွ နှစ်ပေါင်းထောင်ချီရာချီ အတူနေလာတဲ့ သျှမ်းပြည်သားအချင်းချင်းပဲ ဖြစ်တယ်၊ ညီအစ်ကို အရင်းလို ဖြစ်နေတာပေါ့ဗျာ။ ဒီဟာတော့ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်ဆိုပြီးမှ ကျနော်တို့ ရပ်တည်ချက်က ဒီလိုမျိုး ရှိပါတယ်။

မေး ။        ။ လက်ရှိအနေအထားအရ တပ်အင်အားတွေ ဖယ်ရှားခံရတဲ့အပေါ် SSPP အနေနဲ့ ဘာဆက်လုပ်ဖို့ ပြင်ဆင်နေလဲ။

ဖြေ ။        ။ အဓိကကတော့လေ ဖယ်ရှားတဲ့ ကာယကံရှင်ကိုယ်တိုင် ဖြေရှင်းဖို့လိုတာပေါ့၊ ကျနော်တို့ FPNCC အပါအဝင်ပေါ့။ ဒါပေမယ့်ကာယကံရှင် ပလောင်အဖွဲ့က ဖြေရှင်းချက်လည်း လိုတယ်၊ ပြီးတော့ ကျနော်တို့စုဖွဲ့မှုက FPNCC အောက်မှာဆိုတော့ FPNCC မှာလည်း တာဝန်ရှိတာပေါ့။ FPNCC အဖွဲ့ဝင် အချင်းချင်း အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်။ အဓိကကတော့ ပလောင်အဖွဲ့နဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းရေး ကော်မတီ FPNCC အနေနဲ့ပေါ့။

မေး ။        ။ လက်ရှိအနေအထားအရ နမ့်ခမ်းမြို့နယ်တစ်ခုလုံးက SSPP တပ်အင်အား မရှိတော့ဘူးဆိုတဲ့ သဘောပဲလား။

ဖြေ ။        ။ အုပ်ချုပ်ရေးပိုင်းနဲ့ အခွန်ဌာနတွေပေါ့ သူတို့(TNLA) ဖယ်ရှားတဲ့ဟာတွေက၊ အဲ့လိုမျိုး မူဆယ်မြို့နယ်ထဲကို ပြန်ပို့တယ်ဆိုတဲ့ သဘောပါ။ လုံးဝမရှိတော့ဘူးလို့တော့ ပြောလို့မရဘူးပေါ့။

မေး ။        ။ လက်ရှိအနေအထားအရ အမျိုးသားရေးကိစ္စနဲ့ မဟာမိတ်ကိစ္စတို့မှာ SSPP ရဲ့ ရပ်တည်ချက်က ဘယ်လိုရှိလဲ။

ဖြေ ။        ။ ကျနော်တို့က စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်းမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံထားတဲ့ နိုင်ငံရေးရပ်တည်ချက်ရှိတယ်။ ဒါက ဘယ်တိုင်းရင်းသားမဆို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်ခံတယ်၊ နောက်ပြီးတော့မှ လက်တွေ့ကျင့်သုံးတယ်ဆိုရင် ဘာပြဿနာမှ မရှိဘူးလေ။

ကျနော်တို့ သျှမ်းအချင်းချင်း ညီညွတ်လို့ အခြားတိုင်းရင်းသားတွေ မညီညွတ်လို့လည်း မရပါဘူး။ ဒါပေမယ့် တခြားတိုင်းရင်းသားတွေ ညီညွတ်လို့ သျှမ်းတိုင်းရင်းသားအချင်းချင်း စုစည်းညီညွတ်မှု မပြုလုပ်နိုင်ဘူးဆိုရင်လည်း ဒါက ပြေလည်မှာမဟုတ်ဘူးလေ။ ဆိုတော့ မျှမျှတတပေါ့တိုင်းရင်းသားတွေနဲ့ သဟဇာတဖြစ်အောင်လည်း နေရမယ်၊ ကျနော်တို့ သျှမ်းအချင်းချင်း စုစည်းညီညွတ်မှုလည်း လိုအပ်တယ်ပေါ့။ ဒါက ကျနော်တို့ စဉ်ဆက်မပြတ် လက်ကိုင်စွဲထားတဲ့  ပေါ်လစီဖြစ်ပါတယ်။

မေး ။        ။ တစ်ဘက်မှာလည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတာကတော့ ဝါဒဖြန့် ပုတ်ခတ်တဲ့သတင်းတွေကတော့ အများကြီး ထွက်ပေါ်နေတယ်။အဓိကကတော့ SSPP က RCSS ကိုဆိုရင် ညှာတာမပေးဘူး၊ အမြဲတမ်းအင်အားသုံးပြီးမှ ပြန်တိုက်ခိုက်တယ်လို့ပြောတယ်။ ဒါပေမယ့် မဟာမိတ်နဲ့ ပတ်သက်လာရင် အမြဲတမ်း အလျော့ပေးနေတယ်။ တပ်တွေလည်း မဆုတ်သင့်တဲ့နေရာ ဆုတ်ပေးနေတဲ့အပိုင်းမှာ ဒေသခံ သျှမ်းလူထုအပေါ်ကစိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့အပေါ် SSPP အနေနဲ့ ဘယ်လိုပြောလိုပါသလဲ။

ဖြေ ။        ။ အဲ့တာက သူ့ဘက်ကိုယ့်ဘက် အမြင်က ဘယ်လိုမှ မတူနိုင်ဘူးလေ။ ဘယ်လိုဖြစ်လဲဆိုတော့ ကျနော်တို့ RCSS က အမြဲအင်အားသုံးပြီး တိုက်ခိုက်တယ်ဆိုတာတော့ အနိုင်ကျင့်တယ်ဆိုတဲ့ သဘောကတော့ မဟုတ်ပါဘူး။ အရင်တုန်းက ဒီတိုက်ခိုက်မှု ပြဿနာ မဖြစ်ခင်တုန်းကRCSS ရှိတဲ့ နယ်မြေထဲမှာ နယ်မြေကျွံပြီးမှ ရောက်သွားတာလည်း မရှိပါဘူး၊ ဝင်ရောက်ပြီးမှ စွက်ဖက်မှုလည်း မရှိဘူးလေ။ ဆို

တော့ ပြဿနာအရင်းခံက RCSS တက်လာပြီးမှ ဒီဘက်က ပြဿနာတက်တာလေ။ ပြဿနာအရင်းအမြစ်ကို ကျနော်တို့ ကောင်းကောင်းလေ့လာထားမှ ဒါကပိုပြီးတော့ သိသာထင်ရှားနိုင်တယ်။ ဆိုတော့ ဒါက မဟုတ်ပါဘူးပေါ့။

နောက်ပြီး ကျနော်တို့ တပ်ဆုတ်တယ်ဆိုတာက တချို့နေရာတွေမှာ အခုဖြစ်နေတဲ့ ကိစ္စက ကျနော်တို့ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ဖယ်ရှားတာမဟုတ်ဘူးလေ။ ဒါက မီဒီယာ ဝါဒဖြန့်တဲ့ ကိစ္စလည်းဖြစ်တယ်။ ဘယ်တော့မဆို ကျနော်တို့က တပ်ပေါင်းစုရယ်၊ ပါတီရယ်၊ တပ်ရယ်ဆိုတာအဓိက မဏ္ဍိုင် (၃) ရပ်အနေနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။

မဟာမိတ် မရှိလို့လည်း မဖြစ်ပါဘူး၊ ကျနော်တို့တပ်က အင်အားမတောင့်တင်း မခိုင်မာလို့လည်း မရဘူးဆိုတာပေါ့။ လူတွေက SSPP ဂုဏ်သိက္ခာကျအောင် ပြောကြမှာပဲလေ။ ဆိုတော့ ပြဿနာအရင်းအမြစ်က ကျနော်တို့က စတာ မဟုတ်ဘူးဆိုတာ ဖော်ပြလိုပါတယ်။

မေး ။        ။ တစ်ဘက်ကလည်း PSLF/TNLA ပြောတာကတော့ SSPP ရဲ့ သဘောတူညီချက်နဲ့ တပ်ဆုတ်တယ်လို့ပြောတယ်။ ဒါပေမယ့် SSPP ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဒါက တိုက်ပွဲခေါ်သံ ခေါ်နေတယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတော့ နောက်ဆုံးဒီအခြေအနေအရက ကျနော်တို့လည်းကြားနေတယ်၊ ရွှေလီမြစ်ဝှမ်းမှာ ရှိနေတဲ့ SSPP တပ်အားလုံးက ဖယ်ဖို့ TNLA နဲ့ တခြားပူးပေါင်းအဖွဲ့တွေက စီစဉ်နေတယ်လို့ ကြားတယ်။ အဲ့တော့တကယ်တမ်းအင်အားသုံးပြီး ထပ်ဖိအားပေးလာရင် စစ်ရေးအရ ဖြေရှင်းတဲ့အထိ ရောက်သွားမလား၊ ဒီကိစ္စက ဘယ်လိုဖြစ်သွားမလဲ။

ဖြေ ။        ။ အဲ့တာက အခြေအနေအပေါ် မူတည်ပြီးမှ ကျနော်တို့ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်။ ကြိုတင်ပြောထားတာမျိုး၊ အခြေအနေကလည်းကျနော်တို့ ဖန်တီးတာမျိုး မဟုတ်တဲ့အတွက် ပြောဖို့က အဆင်မပြေဘူးဗျ။ ဘာလို့လဲဆိုရင် ဘယ်လိုအခြေအနေ ဖြစ်လာမလဲဆိုရင် ကျနော်တို့ပြောလို့မရဘူးလေ။

မေး ။        ။ တစ်ဘက်ကလည်း နမ့်ခမ်းလူထုက အရင်တုန်းကတော့ SSPP ရှိနေတော့ ဘာပဲဖြစ်ဖြစ် လူထုအတွက်က ခွန်အားတစ်မျိုးတစ်ဖုံ ရှိကောင်းရှိပါလိမ့်မယ်။ အခုက SSPP တပ်ဖွဲ့အနေနဲ့ နမ့်ခမ်းလူထုကို အကာအကွယ် မပေးနိုင်ဘဲနဲ့ တပ်ဖယ်ရှားခံလိုက်ရတယ်၊ သူတို့ကိုယ်သူတို့တောင် မကာကွယ်နိုင်ဘူး။ တစ်ဘက်ကလည်း နမ့်ခမ်းလူထုကလည်း စိတ်ပိုင်းဆိုင်ရာပေါ့ ငါတို့ကို အကာအကွယ်ပေးမယ့် တပ်မတော်က မရှိတော့ဘူး ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေက တနည်းတဖုံ ခံစားနေရတဲ့အပေါ်မှာကော SSPP အနေနဲ့ ဘယ်လိုမျိုး ခွန်အားပေးလိုလဲ၊ ဘယ်လိုမျိုး ပြောကြားလိုပါသလဲ။

ဖြေ ။        ။ ကျနော်တို့ မိဘမရှိတဲ့ မိသားစုကတော့ ခနတဖြုတ် အားငယ်ကြမှာပဲလေ၊ ဒါပေမယ့် ဘယ်ကိစ္စမဆို ကျနော်တို့က ပြဿနာရှိရင်ဖြေရှင်းချက်လည်း ရှိလိမ့်မယ်။ ရောဂါရှိရင် ဆေးရှိမယ်ဆိုတာပေါ့လေ။ ဒါက ကျနော်တို့အချင်းချင်း ကြားထဲမှာလည်း ပြန်ပြီးတော့မှ ပြောရမယ့်ကိစ္စဖြစ်တယ်။ တခြားတွေးပူစရာရှိတာလည်း တွေးပူတာကောင်းတာပေါ့။

ဒါပေမယ့် ကိုယ်က ဘယ်လိုကုစားနိုင်မလဲ၊ ကျနော်တို့က ဘယ်လို ပြန်ပြီးမှ ရပ်တည်မလဲ စတာတွေကတော့ ရှေ့လျှောက်ပြန်ပြီးတော့မှ ပြောရမယ့်ကိစ္စဖြစ်တယ်။ နမ့်ခမ်းပြည်သူလူထုတွေက ဘာလုပ်ချင်ကြမလဲ စသဖြင့်ပေါ့၊ ဒါက အတွင်းရေးကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီနေရာမှာက ပြောရင်လည်း ကျနော်တို့ တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းနဲ့ ကြိုပြောရင်တော့လည်း မကောင်းဘူးပေါ့လေ။ ဒါကတော့ အနာဂတ်အတွက် ပြန်ပြီးတော့ တည်ထောင်ရမှာပေါ့။

နမ့်ခမ်းတင်မကပါဘူ၊ ပန်ဆိုင်း၊ မူဆယ် စတာတွေလည်း ဒီဘက်က သျှမ်းကြီးဒေသတွေလိုပဲ သဘောထားပါတယ်။ ဘယ်နေရာမဆို အဓိကဦးစားပေးတယ်၊ ဦးစားမပေးဘူးဆိုတာက မဟုတ်ပါဘူး။ ဒါပေမယ့် ပြဿနာကို ဘယ်လိုပူးပေါင်းပြီးမှ ဖြေရှင်းကြမလဲဆိုတာကို ဝိုင်းဆွေးနွေးရမှာ၊ ဝိုင်းပြီးမှ စဉ်းစားရမှာပေါ့။

မေး ။        ။ ဖြေကြားပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...