Friday, November 8, 2024

နမ္မတူ ဗုံးခိုကျင်းမြေပြိုပိ အမျိုးသမီး ၁ ဦး သေဆုံး

Must read

သျှမ်းပြည် နမ္မတူမြို့တွင် ဗုံးခိုကျင်း တူးနေစဉ် မြေပြို၍ မြေကြီးပိမိပြီး အမျိုးသမီး ၁ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

မတ်လ ၉ ရက်တွင် နမ္မတူမြို့နယ် သတလရပ်ကွက်၌ တိုက်ပွဲစိုးရိမ်မှုကြောင့် နေအိမ်အနီး ဗုံးခိုကျင်း တူးနေစဉ် ဝင်ရောက်ကြည့်ရှုခဲ့သည့် အမျိုးသမီး အပါအဝင် လူ ၂ ဦးကို မြေပြိုပိမိခဲ့ရာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကို နောက်ကျမှ ပြန်လည်တူးဖော် တွေ့ရှိသောကြောင့် သေဆုံးသွားခဲ့ကြောင်း နမ္မတူဒေသခံများက ပြောသည်။

“ကလေးတွေ ဗုံးခိုကျင်း တူးထားတာကို အမေဖြစ်သူက သွားစစ်ကြည့်တာ၊ အဲ့ဒါနဲ့ မြေကြီးပြိုကျပြီး ပိမိတာ။ အိမ်နားက တောင်စောင်းမှာ ဂူပေါက်လိုမျိုး တူးထားတာ။ မြေပြိုတာ ပြန်တူးရှာကြတော့ နေရာမမှတ်မိဘဲ ကြာသွားတာ၊ ၁၀ မိနစ်လောက် နောက်ကျတော့ အဒေါ်ဖြစ်သူက အသက်မရှိတော့ဘူး။ ဦးလေးကတော့ နည်းနည်းလှုပ်နိုင်တော့ သူ့ကိုအရင်တွေ့တာ”ဟု နမ္မတူမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့ သတလရပ်ကွက်ရှိ တောင်စောင်းတွင် တည်ဆောက်ထားသည့် နေအိမ်ထဲမှ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကို ပုန်းရှောင်ရန်အတွက် နေအိမ်နှင့်ကပ်လျက် တောင်စောင်းနံရံကို လှိုဏ်ဂူပုံစံ တူးဖော်ရာမှ မြေပြိုပိမိခြင်းဖြစ်ကြောင်း နမ္မတူမြို့မှ ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က ထိန်းချုပ်ထားနိုင်ခဲ့သည့် နမ္မတူမြို့ အပါအဝင် နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့ကို စစ်ကောင်စီက မတ်လ ၄ ရက်တွင် စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေညာခဲ့သည်။

၎င်းနောက်တွင် မတ်လ ၇ ရက်နေ့က စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ်တစ်စီးဖြင့် နမ္မတူ မြို့ပေါ် လှည့်ပတ်ပျံသန်းသွားခဲ့ခြင်းကြောင့် တိုက်ပွဲပြန်လည် ပြင်းထန်မည်ကို စိုးရိမ်ပြီး မြို့ပေါ်တွင် ဗုံးခိုကျင်းများကို ပြန်လည်ပြင်ဆင် တူးဖော်နေသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်ကလည်း နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် ဗုံးခိုကျင်း မြေပြိုကျ၍ ကလေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦး မြေကြီးပိမိ၍ သေဆုံးသွားခဲ့ကြောင်း နမ္မတူဒေသခံများထံမှ သိရသည်။

အလားတူ “၁၀၂၇ စစ်ဆင်ရေး” လေးလကျော်အတွင်း မူဆယ်၊ ကွတ်ခိုင်၊ လားရှိုးနှင့် နမ္မတူမြို့နယ်တို့တွင် လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုမှ ပုန်းရှောင်ရန်အတွက် ဗုံးခိုကျင်းများထဲ ဝင်ရောက်နေထိုင်စဉ် မြေပြိုပိမိ၍ အသက်သေဆုံးရမှု ဖြစ်စဉ်မှာ ၅ ခုထက်မနည်း ရှိလာသည်။

Leave a Comments

- Advertisement -spot_img

Latest article